ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့သည် ခရိုင်မြို့ဖြစ်သည်နှင့်အညီ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၊ စက်ပစ္စည်းအရောင်းဆိုင်များ၊ အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်များ၊ ဖုန်းအရောင်းဆိုင်များ၊ ဆိုင်ကယ်အရောင်းဆိုင်များ၊ စက်ဘီးအရောင်းဆိုင်များ စုံလင်စွာရှိပါသည်။ ၂၀၂၃ခုနှစ်၊မေလ တတိယပတ်မှစ၍ ဇွန်လ ပထမပတ်ရက်များအတွင်း စက်ဘီးအရောင်းဆိုင်များတွင် စက်ဘီးများ အရောင်းသွက်လျက်ရှိပါသည်။
တောင်ငူမြို့နယ်တွင် အထက်တန်းကျောင်း ၁၅ ကျောင်း၊ အလယ်တန်းကျောင်း ၂၃ ကျောင်းရှိပါသည်။ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများတွင် ပညာသင်ယူနေသော ကျောင်းသားကျောင်းသူများစွာရှိပါသည်။ ကျောင်းသားမိဘများသည် မိမိတို့၏သားသမီးများ ကျောင်းသွား ကျောင်းပြန် အဆင်ပြေစေရေးအတွက် စက်ဘီးများဝယ်ပေးကြပါသည်။ ကျေးလက်ဒေသရှိ ကျောင်းသားမိဘများသည် နွေစပါး၊ မတ်ပဲ ဈေးကောင်းရသည့်အတွက် မိမိတို့ သားသမီးများ ပညာသင်ကြားနိုင်ရန် လိုအပ်သည်များကို ထောက်ပံ့ပေးနေကြပါသည်။
CROCODILE စက်ဘီး ၂၄ လက်မ တစ်စီးလျှင် ၂၁၅၀၀၀ ကျပ်၊ TOKYO စက်ဘီး ၂၄ လက်မ တစ်စီးလျှင် ၁၆၀၀၀၀ ကျပ်၊ Pheasant စက်ဘီး ၂၄ လက်မ တစ်စီးလျှင် ၁၉၀၀၀၀ ကျပ်၊ MARK-X စက်ဘီး ၂၄ လက်မ တစ်စီးလျှင် ၁၃၀၀၀၀ ကျပ်၊ MARK-X စက်ဘီး ၂၀ လက်မ တစ်စီး လျှင် ၈၀၀၀၀ ကျပ်၊ UNION စက်ဘီး ၂၆ လက်မ တစ်စီး လျှင် ၁၉၀၀၀၀ ကျပ် ဈေးရှိကြောင်း သိရ ပါသည်။
တောင်ငူမြို့ရှိ စက်ဘီးအရောင်းဆိုင်များသည် ကိုယ်ပိုင်ကုမ္ပဏီထောင်၍ တင်သွင်း ရောင်းချခြင်းမဟုတ်ဘဲ ပြည်ပမှတင်သွင်းလာသည့် ရန်ကုန်၊ မန္တလေးမြို့ကြီးများရှိ ဆိုင်များမှ ဝယ်ယူရောင်းချကြောင်း၊ နံပါတ် ၁ လမ်းရှိ အေဝမ်း စက်ဘီးအရောင်းဆိုင်၊ စိန် စက်ဘီးအရောင်း ဆိုင်၊ ကုန်သည်ကြီးလမ်းရှိ ရွှေဗဟိုရ် စက်ဘီးအရောင်းဆိုင်များတွင် တစ်ရက်လျှင် စက်ဘီး ၆ စီးမှ ၁၀ စီးအထိ ရောင်းချရကြောင်း သိရပါသည်။
DOCA(ပဲခူး)