ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် Sprite®အချိုရည်များ ရောင်းချနေခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    Coca-Cola Pinya Beverages Myanmar (CCPBM) ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ်မှစတင်၍ အချိုရည်များကို ပြည်တွင်း၌စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်း၊ ယခုအခါ ဈေးကွက်အတွင်း ယင်းကုမ္ပဏီမှထုတ်လုပ်သည့် အမှတ်တံဆိပ်အချိုရည်နှင့်ပုံစံတူ၍ ကုန်အညွှန်းအမှတ်အသားအား ထိုင်းဘာသာဖြင့်ဖော်ပြထားသည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တွင် မှတ်ပုံတင်ထားခြင်းမရှိသော Sprite® အချိုရည်များရောင်းချနေသည့်အတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရန်နှင့် ကုန်စည်အတုများကိုဈေးကွက်အတွင်းမှ ဖယ်ရှားရှင်းလင်းအရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌထံကြိုတင်တင်ပြ၍ ခွင့်ပြုချက်ရယူပြီးနောက် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ကုန်ပစ္စည်းမျိုးစုံရောင်းချနေသောကုန်စုံဆိုင်များသို့ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ( FDA ) တွင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ထိုင်းဘာသာဖြင့်ဖော်ပြထားသော Sprite® အချိုရည်များ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိကို သက်ဆိုင်ရာစားသုံးရေးရာကော်မတီအဖွဲ့ဝင်များဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    လွိုင်ကော်မြို့ပေါ်ရှိ ကုန်ပစ္စည်းမျိုးစုံရောင်းချနေသောကုန်စုံဆိုင်များတွင် Coca-Cola Pinya Beverages Myanmar (CCPBM) ကုမ္ပဏီ၏ ကုန်အမှတ်တံဆိပ်နှင့်ပုံစံတူ ထိုင်းဘာသာဖြင့်ဖော်ပြထားသော Sprite® အချိုရည်များရောင်းချနေခြင်းမရှိကြောင်းနှင့် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသော Sprite® အချိုရည်များသာရောင်းချလျက်ရှိကြောင်းတို့ကိုစစ်ဆေးတွေ့ရှိရပြီး ကုန်ပစ္စည်းမျိုးစုံရောင်းချနေသည့်အရောင်းဆိုင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသည့်ကုန်စည်များနှင့် တရားမဝင်တင်သွင်းလာသည့်ကုန်စည်များကိုရောင်းချဖြန့်ဖြူးခြင်းမပြုကြရန်လိုအပ်ကြောင်း၊ ဈေးကွက်အတွင်းရောင်းချဖြန့်ဖြူးခြင်းများစစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၇၃အရ နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ရာထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်မှုပြစ်ဒဏ်များခံရမည်ဖြစ်ကြောင်း ကုန်ပစ္စည်းမျိုးစုံရောင်းချသည့်ကုန်စုံဆိုင် (၁၀) ဆိုင်တို့အား အသိပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ကယား)