ငရုတ်ဆီ(၃)မျိုးနှင့် အခြားစားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

အစားအသောက်အန္တရာယ်ကင်းရှင်းစေရေးရည်ရွယ်၍ ၃၀-၁၀-၂၀၂၁ ရက်နေ့တွင် စစ်တွေမြို့ မင်းဂံဈေးနှင့် မြို့မဈေးကြီးအတွင်း ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းနှင့် ဝန်ထမ်းများသည် ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရုံးနှင့် စည်ပင်သာယာအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စစ်တွေမြို့ မင်းဂံဈေး နှင့် မြို့မဈေးကြီးအတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ တားမြစ်ထားသည့် “စိန်”အမှတ်တံဆိပ် ၊ “A-1” အမှတ် တံဆိပ် ၊ “ပျံလွှားနှစ်ကောင်” အမှတ်တံဆိပ် ငရုတ်ဆီ(၃)မျိုးအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ စစ်ဆေးမှုပြုလုပ်ခဲ့ပါသည်။ အဆိုပါစစ်ဆေးရာတွင် မင်းဂံရပ်ကွက် ဈေးအတွင်း ၎င်းငရုတ်ဆီ(၃)မျိုး ရောင်းချခြင်းမရှိသော်လည်း နောင်တွင် ၎င်းငရုတ်ဆီ (၃)မျိုးအား ရောင်းချခြင်းမပြုလုပ်ရေး ဈေးအရောင်းဆိုင်သည်များအား အသိပေးခဲ့ပါသည်။၊ ၎င်းနောက် စစ်တွေမြို့ မြို့မဈေးကြီးအတွင်း ဝင်ရောက်စစ်ဆေးရာ ကုန်စုံဆိုင်တစ်ဆိုင်တွင် “စိန်” အမှတ်တံဆိပ် 300 ml ငရုတ်ဆီဘူး(၁၂)ဘူး တွေ့ရှိရ၍ FDAဌာနမှ အဖွဲ့ဖြင့် သိမ်းဆည်းခြင်း ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် စစ်တွေမြို့မှ ထုတ်လုပ်သော “ခြင်္သေ့နှစ်ကောင်”အမှတ်တံဆိပ် ငရုတ်ဆီ ထုပ်သေးများအား တွေ့ရှိရ၍ ဓါတ်ခွဲစမ်းသပ်ရန် နမူနာကောက်ယူမှုများ ပြုလုပ်ခဲ့ပါကြောင်းနှင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ(၃)ရက်နေ့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) ထုတ်ပြန်သည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ကိုက်ညီမှု မရှိသော ကုန်စည်များအား ဈေးကွက် အတွင်းရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ညွှန်ကြားချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားချက်ပါ အချက်အလက်များအား စီးပွား‌ရေးလုပ်ငန်းရှင် ကုန်စည်ထုတ်လုပ်သူ၊ ဖြန့်ဖြူးရောင်းချသူများသိရှိ နားလည်သဘောပေါက်စေရန် ကွင်းဆင်းစစ်ဆေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန
စစ်တွေခရိုင်