လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင်  လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ဈေးနှုန်းများမြှင့်တင်ရောင်းချမှုမရှိစေရန် ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၄၄) ဦး နှင့်  တွေ့ဆုံဆွေးနွေးခြင်း  ဆောင်ရွက်ခဲ့ပါသည်။  

   ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးဦးမြင့်အောင်က စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဖြန့်ဖြူးရောင်းချရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန် လိုအပ်ပါကြောင်း၊ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ် ဖြစ် သော ပိဿာ/ ကျပ်သားတို့ဖြင့်သာ တိကျစွာဖော်ပြရမည် ဖြစ်ပါကြောင်း၊ စားအုန်းဆီအား ချိန်ခွက်ဖြင့် ရောင်းချရာတွင် ဒေသအရောက်အရင်း ဈေးပေါ်တွင်(၂) ရာခိုင်နှုန်းထက် မပိုသော နှုန်းထားဖြင့်သာရောင်းချရမည်ဖြစ်ကြောင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်ထားသော ကုန်စည်များကို စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနတွင် တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား သတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရမည်ဖြစ်ပါကြောင်း၊ စားသုံးဆီနှင့်စပ်လျဉ်း၍ ညွှန်ကြားချက် (၁/၂၀၂၁)အား ရှင်းလင်းဆွေးနွေးခဲ့ပြီး  အဆိုပါ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များ ကျခံရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များလည်း ရယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင်များနှင့် စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ကယား)