မွန်ပြည်နယ်ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများ၏ လူမှုကူညီရေးအဖွဲ့ ဖွဲ့စည်း

Powered by Drupal

 

                မွန်ပြည်နယ် ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများ /ဝန်ထမ်းများ (စားသုံးသူရေးရာဦးစီးဌာန)၏ လူမှုကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းအတွက် ညှိနှိုင်းအစည်းအဝေးကို ၃၀.၁၂.၂၀၂၁ ရက်နေ့ ၁၃:၀၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းဟောင်းများ/ဝန်ထမ်းများ (စားသုံးသူရေးရာ) စုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့ကြသည်။

        ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူး(ငြိမ်း) ဦးစိုးသန်းအေးက အဖွင့်မှာစကားပြောကြားရာတွင် ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများ/ လက်ရှိတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအနေဖြင့် သတင်းဆက်သွယ်မှုကွန်ယက် ထူထောင်နိုင်စေရန်၊ သာရေးနာရေးကိစ္စရပ်များအား အချင်းချင်းရိုင်းပင်းကူညီနိုင်စေရန် ရည်ရွယ်၍ ယခုအသင်းအား ဖွဲ့စည်းရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

                 ထို့နောက် လက်ရှိတာဝန်ထမ်းဆောင်နေသော ပြည်နယ်မှူး ဦးဝင်းထွန်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာ မိမိအနေဖြင့် ယခုအသင်းဖွဲ့စည်းခြင်းနှင့် ရေရှည် တည်တံ့နိုင်စေရန် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဤအဖွဲ့အစည်းမှာ လူမှုကူညီရေးသီးသန့်အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ရန်ပုံငွေထိန်းသိမ်းခြင်း၊ အခမ်းအနား ကိစ္စရပ်များဆောင်ရွက်ခြင်းအား မိမိတို့ဌာနမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

                 ဆက်လက်၍ တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးကြရာ အဖွဲ့အနေဖြင့် ယခုအချိန်တွင် စတင်တည်ထောင်ခါစဖြစ်သဖြင့် သာရေးထက်နာရေးကို ဦးစားပေးဆောင်ရွက်ကြရန်၊ အဖွဲ့ဝင်များအား (၄) လတစ်ကြိမ်တွေ့ဆုံကြရန် အကြံပြုဆွေးနွေးခဲ့ကြပါသည်။

                 ထို့နောက် အဖွဲ့၏ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍရေးမှူးများ ရွေးချယ်တင်မြောက်ကြပြီး ညှိနှိုင်းအစည်းအဝေးအား ၁၅:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ်