ကိုဗစ်အလွန်ပွင့်လင်းရာသီတွင် လုပ်ငန်းများပြန်လည်ဦးမော့လာသည့် ချိန်းလင့်ခ်လုပ်ငန်း

Powered by Drupal

             အသေးစားစက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျှက်ရှိသော ချိန်းလင့်ခ်လုပ်ငန်း လုပ်ကိုင်မည်ဆိုပါက စက်ပစ္စည်းအတွက်  ရင်းနှီးမတည်ငွေ သိန်း၁၅၀ခန့် ရင်းနှီးမြှပ်နှံရကြောင်း၊ ချိန်းလင့်ခ်လုပ်ငန်းထုတ်လုပ်ရာတွင် ကုန်ကြမ်းဖြစ်သည့် သွပ်နန်းကြိုးများကို ရန်ကုန်မှ ဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် ၁၅ပိဿာရှိသော သွပ်နန်းကြိုးခွေ တစ်ခွေလျှင် ၅၄၀၀၀ကျပ်ဖြင့် ဝယ်ယူပြီး ကုန်ချောအဖြစ် ချိန်းလင့်ခ်ဇကာအကွက် အစိပ်၊အကျဲပုံစံ အမျိုးမျိုး ထုတ်လုပ်နိုင်ကြောင်း လေ့လာမှုများအရသိရှိရပါသည်။သွပ်နန်းကြိုးခွေတစ်ခွေလျှင် စကာအကွက် အစိပ်အကျဲနှင့် သွပ်နန်းကြိုး အထူအပါး ပေါ်မှုတည်၍ အမြင့် ၅ပေ၊ အရှည် ပေ ၄၀ ရှိ ချိန်းလင့်ခ်များအား စျေးနှုန်းအမျိုးမျိုး သတ်မှတ်၍ ထုတ်လုပ်နိုင်ကြောင်း၊ တစ်နိုင်တစ်ပိုင် လုပ်ငန်းဖြစ်သည့်အတွက်လုပ်သားဦးရေ (၃)ဦး မှ (၄)ဦး ဖြင့် လုပ်ကိုင်နိုင်ပြီး တစ်နာရီလျှင် ချိန်းလင့်ခ် ၃လိပ်၊ တစ်နေ့လျှင် ၂၄လိပ်ထိ ထုတ်လုပ်နိုင်ကြောင်းသိရှိရပါသည်။ ချိန်းလင့်ခ် တစ်လိပ် ထုတ်လုပ်ရောင်းချရာတွင် ရရှိမည့်အကျိုးအမြတ်မှာ အမျိုးအစားပေါ် မူတည်၍  ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ် အထိရရှိကြောင်း၊ လုပ်သား တစ်ဦးလျှင် တစ်နေ့လုပ်အားခ ၈၀၀၀မှ ၁၀၀၀၀ကျပ် လုပ်အားခ ပေးချေရကြောင်း၊ ချိန်းလင့်ခ်တစ်လိပ် ဈေးနှုန်းအနေဖြင့် စကာအကွက် အစိပ်အကျဲနှင့် သွပ်နန်းကြိုးအထူအပါး ပေါ်မှုတည်၍ ရောင်းချသည့် ဈေးနှုန်း ၃၀၀၀၀ကျပ် မှ ၁၀၀၀၀၀ကျပ် ဝန်းကျင်ခန့်ရှိပြီး ‌ညောင်လေးပင်တွင် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်မှ ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် ဒိုက်ဦး၊ ပြွန်တန်ဆာ၊ ရွှေကျင်၊ ဖဒို၊ ကျောက်တံခါး ၊ ပဲနွယ်ကုန်းနှင့် ဖြူးမြို့များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များနှင့် ကုန်မာပစ္စည်း အရောင်းဆိုင်များသို့ လက်လီ၊ လက်ကားဖြင့် ပေးပို့ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။

            ယခုအခါ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု လျော့ပါးလာမှုကြောင့်  Stay at home မြို့နယ်များ ဖြေလျော့ခဲ့ပြီးဖြစ်သဖြင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာခြင်း၊  ပွင့်လင်းရာသီဖြစ်သည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာခြင်းများကြောင့် ခြံစည်းရိုး ချိန်းလင့်ခ်လုပ်ငန်းမှာ ယခင်မိုးတွင်းကာလထက် အရောင်းအဝယ် ပိုမိုအရောင်းအဝယ်သွက်လာသည့်အတွက် ‌ဒေသတွင်းရှိသော အလုပ်သမားများအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ၍ ချိန်းလိပ်ထုတ်လုပ်သည့်လုပ်ငန်းများ ပိုမိုထုတ်လုပ်လာကြောင်း သိရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး