ထိုင်းနိုင်ငံ၌ ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်းကြောင့် ရော်ဘာအထွက်ကျဆင်းဖွယ်ရှိ

Powered by Drupal

ထိုင်းနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် အစေးခြစ်ဧက လွန်စွာနည်းပါးမှုတို့အရ ယခုနှစ် သဘာဝရော်ဘာထုတ်လုပ်မှုမှာ ၈% မှ ၁၀% အထိ ကျဆင်းလျက် ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း၌ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိဖွယ်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များက ခန့်မှန်းလျက် ရှိပါသည်။
ဂျပန်နိုင်ငံ၊ အိုဆာကာ အိတ်ချိန်းဈေးကွက်၌ ရော်ဘာကြိုတင်ရောင်းချမှု ဈေးနှုန်းများမှာ ယခုနှစ်အစပိုင်းကထက် ၂၅% ခန့် မြင့်တက်လာချိန်တွင် ထိုင်းသဘာဝရော်ဘာ အထွက်ကျဆင်းမှု ဖြစ်ပေါ်လာကြောင်း၊ ယခုနှစ် ရော်ဘာထွက်ရှိမှုမှာ ၈-၁၀% ခန့်ကျဆင်းလျက် တန်ချိန် ၄.၆ သန်းမှ ၄.၇ သန်းခန့် အတွင်းသာ ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း Bangkok Post သတင်းဌာနက ဖော်ပြ ပါသည်။
ထိုင်းနိုင်ငံရှိ ထိပ်တန်းရော်ဘာထုတ်လုပ်ရေးလုပ်ငန်းတစ်ခုမှ အမည်ဖော်ပြလိုခြင်းမရှိသော ခြံမန်နေဂျာတစ်ဦးက ကုန်ထုတ်လုပ်မှုစရိတ်များ မြင့်မားလာသော်လည်း ရော်ဘာဈေးနှုန်း များ မြင့်တက်မှု မရှိသဖြင့် ရော်ဘာတောင်သူများအတွက် အကျိုးဖြစ်ထွန်းမှု နည်းပါးကြောင်း၊ တောင်သူများသည် ကုန်ကျစရိတ်နည်းပါးစေရေးအတွက် မြေဩဇာသုံးစွဲမှုကို လျှော့ချခဲ့ကြရာ စိုက်ခင်းထိန်းသိမ်းမှု အဆင့်အတန်းမှာ သိသာစွာကျဆင်းခဲ့ပြီး ရော်ဘာစေးထွက်ရှိမှုမှာလည်း ကျဆင်းလာခဲ့ကြောင်း ပြောဆိုပါသည်။
ထိုင်းနိုင်ငံ၌ ဧရိယာ ၁.၆ ဟက်တာရှိသော ရော်ဘာစိုက်ခင်းအား ထိန်းသိမ်းလုပ်ကိုင်မှု အတွက် စံပြုနှစ်စဉ်ကုန်ကျစရိတ်မှာ ဘတ်ငွေ ၁၁၄၀၀၀ ခန့်ရှိပြီး အိုဆာကာအိတ်ချိန်းဈေးကွက်၌ ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများအရ အဆိုပါ စိုက်ပျိုးမှုဧရိယာအတွက် နှစ်စဉ်ရရှိနိုင်သည့် ဝင်ငွေမှာ ၁၁၇၅၀၀ ဘတ်ခန့်သာရှိသဖြင့် အမြတ်အစွန်းမှာ မပြောပလောက်ကြောင်း သိရှိရသည်။
ရော်ဘာလုပ်ငန်းကဏ္ဍ၌ စက်တင်ဘာလမှ ဒီဇင်ဘာလအထိကာလသည် သဘာဝရော်ဘာ အစေးခြစ်ထုတ်လုပ်မှုနှင့် တင်ပို့မှု အမြင့်မားဆုံးဖြစ်ပြီး ရောင်းလိုအားနည်းပါးလေ့ရှိသော ပထမ နှစ်ဝက်ကာလအတွက် ကုမ္ပဏီများက ကုန်စည် ဝယ်စုဆောင်းမှုပြုကြသည်။ သို့ရာတွင် ယခုနှစ်၌ ထိုင်းနိုင်ငံရှိ ရော်ဘာပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများသည် ထုတ်လုပ်နိုင်စွမ်း၏ ၃၀% မှ ၄၀% အတွင်းသာ လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံရှိ အချို့သော လုပ်ကွက်ငယ် ရော်ဘာ တောင်သူများသည် ဒူးရင်းနှင့် ဆီအုန်းတို့ကဲ့သို့သော ပိုမိုအကျိုးအမြတ်ရရှိသည့် သီးနှံများ စိုက်ပျိုး ခြင်းသို့ ပြောင်းလဲလုပ်ကိုင်လာခြင်းက ရော်ဘာလုပ်ငန်း၌ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ် လျက်ရှိကြောင်းဖြင့် စင်ကာပူအခြေစိုက် သတင်းအချက်အလက် ကုမ္ပဏီဖြစ်သော Helixtap Technologies မှ အမှုဆောင်အရာရှိချုပ် Farah Miller က ပြောကြားခဲ့သည်။
အယုဒ္ဓယဘဏ်၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့သဘာဝရော်ဘာ ရောင်း လိုအားအပိုင်း၏ ၃၀% ကျော်ကို ထိုင်းနိုင်ငံက ဖြည့်ဆည်းပေးခဲ့ကြောင်း၊ ကမ္ဘာ့သဘာဝရော်ဘာ တင်သွင်းမှု၌ တရုတ်နိုင်ငံသည် ၄၅% ဖြင့် ဝယ်လိုအားအများဆုံးဖြစ်ပြီး တန်ချိန်ပေါင်း ၆.၀၆ သန်း ဝယ်ယူတင်သွင်းခဲ့ကြောင်းသိရှိရသည်။
ကုန်တင်မော်တော်ယာဉ်များ၊ လယ်ထွန်စက်များနှင့် လေယာဉ်များအတွက် တာယာထုတ် လုပ်မှုတွင် သဘာဝရော်ဘာသည် အစားထိုးမရနိုင်သော ကုန်စည်တစ်ခုဖြစ်လျက်ရှိပြီး လျှပ်စစ် သုံးမော်တော်ယာဉ်များ ဝယ်လိုအား များပြားလာခြင်းက သဘာဝရော်ဘာ၏ ဝယ်လိုအားအပိုင်းကို အထောက်အပံ့ပြုလျက်ရှိသော်လည်း ရှေ့လာမည်နှစ်တွင် ထိုင်းနိုင်ငံ၏ ရော်ဘာထုတ်လုပ်မှုမှာ ဆက်လက်ကျဆင်းဖွယ်ရှိကြောင်း လေ့လာဆန်းစစ်သူများက ခန့်မှန်းလျက်ရှိကြသည်။
Source: Bangkok Post, 15 Nov 2023(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)