ငါန်းဇွန်မြို့တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ် တာဝန်ခံ ဒေါ်သင်းသင်းဆွေသည် (၈.၁၁.၂၀၂၃)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ငါန်းဇွန်မြို့ရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ (၉.၁၁.၂၀၂၃)ရက်နေ့၊ နံနက် ၁၀:၃၀ အချိန်၌ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်းပါဝင်၍      စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ များ ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲများတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်‌နေခြည်ဦးက “လူငယ်တွေအတွက် ဗလငါးတန်ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာတွင် ကျောင်းသားကျောင်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဗလ၊ ဗလငါးတန်ဖွံဖြိုးတိုးတက်စေဖို့ လေ့ကျင့်ပြုမှုနေထိုင်တတ်စေရန် အချက်များ အား ဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးလှိုင်မိုးဟိန်းမှ ကိုယ်လက်လှုပ်ရှားအားကစား ခေါင်းစဉ်ဖြင့် လူငယ်များအတွက် နေ့စဉ်အလွယ်တကူ ပြုလုပ်နိုင်သော ကိုယ်လက်လှုပ်ရှားအားကစားနည်းလမ်းများ၊ သက်ရှည်ကျန်းမာဖို့ နေ့စဉ် လမ်းလျှောက်အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အဓိပ္ပယ်များ၊ နစ်နာဆုံးရှုံးမှု၏အဓိပ္ပာယ်နှင့် ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ ဖော်ပြပါဝင်ရမည့်အချက်များ၊ ကျောင်းသားကျောင်းသူများအနေဖြင့် ကုန်စည်များ ဝယ်ယူစားသောက်သုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်သောအစားအသောက်များနှင့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်း၊ အချို့မှာ သက်တမ်းလွန် အစားအသောက်များ၊ ကုန်စည်များကို ရောင်းချမှုများရှိသည့်အတွက် ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကိုလည်း အလေးထားကြည့်ရှု့ဝယ်ယူကြရန်၊ စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်သည် စားသုံးသူ၏ အခွင့်အရေးများထဲမှ အခွင့်အရေးတစ်ရပ်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို ငယ်ရွယ်စဉ်မှစ၍ ကြည့်ရှု့ဝယ်ယူကြရန်အလေ့အကျင့်များရှိကြဖို့လိုအပ်ပါကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကိုလည်း အရေးဆိုတိုင်ကြားနိုင်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဟောပြောဆွေးနွေးပွဲများမှ ရရှိသည့်အသိပညာဗဟုသုတ များကိုလည်း မိမိတို့၏မိသားစုဝင်များ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် မိမိတို့၏ပတ်ဝန်းကျင်များ သို့ အသိပညာဗဟုသုတများ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများလည်းရှိကြရန်နှင့် ပြန်လည်၍မျှဝေပေးစေလိုပါကြောင်း စသည်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ အမှတ်(၄)၊ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၅၅)ဦး၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ/ဆရာနှင့် ကျောင်းသားကျောင်းသူ(၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)