ဟင်္သာတမြို့နယ်မှ ဆေးဘက်ဝင်ရဲယိုစိုက်ပျိုးခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်သည် ဧရိယာစတုရန်းမိုင် ၃၇၈.၆၉၅ မိုင်ရှိပြီး၊  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော ဒေသဖြစ်ကာ၊ လယ်မြေဧက တစ်သိန်းသုံးသောင်းကျော် ၊ ဥယျာဉ်မြေဧက တစ်သောင်းခုနှစ်ထောင်ကျော်၊ ကိုင်းမြေဧက နှစ်သောင်းခြောက်ထောင်ကျော် ၊ စိုက်ပျိုးသောဒေသလည်းဖြစ်ပါသည်။ စပါး၊ ပဲအမျိုးမျိုး၊ အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက်ကဲ့သို့ ရာသီအလိုက်စိုက်ပျိုးရသော သီးနှံများကို စိုက်ပျိုးသကဲ့သို့ ရဲယို၊ ဒန့်သလွန်၊ မာလကာ၊ သီဟိုဠ်ကဲ့သို့သောနှစ်ရှည် သီးပင်စားပင်များကိုလည်းစိုက်ပျိုးကြပါသည်။ သို့ရာတွင် နှစ်ရှည် သီးပင်၊ စားပင်များကိုစိုက်ပျိုးသူ အရေအတွက်မှာ ဈေးကွက်နှင့် တွက်ချေကိုက်မှုပေါ်မူတည်၍  စိုက်ပျိုးဧကအနည်းငယ်ကိုသာ စိုက်ပျိုးသည်ကို တွေ့ရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ပြည်တွင်းထုတ်ကုန်များ၏ သတင်းအချက်အလက်များပံ့ပိုးပေးရန်နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ( ၃ .၁ .၂၀၂၂) နေ့တွင် ဟင်္သာတမြို့နယ်၊ တောင်ကလုံကျေးရွာရှိ တောင်သူ ဦးထိန်းလင်း၏ ရဲယို (၁၀) ဧက စိုက်ခင်းသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။ ‌တောင်သူဦးထိန်လင်းအနေဖြင့် မိဘလက်ငုတ်လက်ရင်း ဥယျာဉ်ခြံ၌ ရဲယိုစိုက်ပျိုးလာသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ကာ ရဲယိုပင်များကို ပင်ကြား၊ တန်းကြား ၉ပေစီခြား၍ စိုက်ပျိုးထားပြီး တဧကကိုအပင် ၄၀၀ စိုက်ပျိုးထားပါသည်။ ယခင်က ရာသီပေါ်သီးနှံများကိုသာ စိုက်ပျိုးခဲ့သော်လည်း ၂၀၁၇ မှစ၍ ရာသီဥတုဒဏ်ခံနိုင်ပြီး အရွက်ရော၊ အသီးပါ ဈေးကွက်ဝင်သော ရဲယိုပင်များကို စတင်စိုက်ပျိုးခဲ့ကြောင်း သိရပါသည်။

          စတင်စိုက်ပျိုးစဉ်က မြေတန်ဘိုးမပါ တစ်ဧက စိုက်ပျိုးစရိတ်မှာ မြေပြင်ခ၊ မြေခံထည့်ခြင်း၊ ပျိုးပင်ဖိုး၊ စိုက်ခ နှင့် သွင်းအားစုဖိုးမှာ အပင်သက် ခြောက်လခွဲခန့်ထိ ၁၆သိန်းကျပ် ခန့်ကုန်ကျပြီး နောက်ပိုင်း ရေသွင်းခ၊ အပင် အားဆေး၊ အပင်ပြုပြင်ခ၊ အသီးခူးစရိတ်တို့သာ ကုန်ကျတော့ကြောင်း ၊ ရရှိသော အသီးများကို အချင်း ၄ စင်တီမီတာခန့်၊ အလျား ၈ စင်တီမီတာခန့်ရှိ အသီးများကို ခူးပြီး ရန်ကုန် Fame ဆေးဝါးစက်ရုံ၊ ထွန်းရွှေဝါ ဆေးဝါးစက်ရုံ၊ သန်လျင်ရှိ စက်ရုံများသို့တင်ပို့ရောင်းချကြောင်းကို သိရှိခဲ့ရပါသည်။ ၂၀၂၁ ခုနှစ် ရာသီချိန်တွင် ရန်ကုန်အရောက်ဈေး ရဲယိုတစ်ပိဿာ ၅၀၀ ကျပ်ခန့်ရရှိကြောင်းနှင့် အပင်သက်ခြောက်လခွဲတွင် စတင်အသီးသီးပြီးဈေးကွက်ဝင် အသီးများကို အပင်သက် တစ်နှစ်ခွဲကျော်မှာစတင်ရရှိကာ မိုးရာသီဖြစ်သော ဇွန်၊ ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာလထိ တစ်လနှစ်ကြိမ် အသီးခူးရပြီး၊ မိုးနှောင်းကောင်းပါက အောက်တိုဘာလထိပါ အသီးရကြောင်းနှင့်  တစ်ကြိမ်ခူးပါက တစ်ဧက အချိန် ၅၀၀ခန့်ထွက်ရှိပြီး  သီးအားအကောင်းဆုံးဖြစ်သောမိုးတွင်းကာလတွင် အနည်းဆုံး ၈ကြိမ်မှ ၁၀ ကြိမ်အထိ ခူးဆွတ်နိုင်ကာ တစ်ဧက အချိန်ငါးထောင်ခန့်ရရှိကြောင်း ၊ ခူးဆွတ်ခနှင့် ရန်ကုန်ဈေးကွက်သို့ သယ်ယူစရိတ် ၁၅၀ ကျပ်နှုတ်ပါက တစ်ပိဿာ ၃၅၀ ကျပ်ခန့်ရကြောင်း တွက်ချေကိုက် အကျိုးရှိသော စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ကြောင်းသိရှိခဲ့ရပါသည်။ ရဲယိုပင်သည် အမြင့်ပေ (၂၀)ထိ ကြီးထွားနိုင်သဖြင့် အပင်သက်(၃)နှစ်ကျော်ပါက ခေါင်ညွှန်နှိမ်ရန် လိုအပ်ပါသည်။ သို့မှသာ ခူးဆွတ်ရလွယ်ကူမည် ဖြစ်ပါသည်။

          ရဲယိုပင်သည် တစ်နှစ်ပတ်လုံးသီးသော အပင်မျိုးဖြစ်ပြီး၊ သတ်မှတ်မိုးရေချိန်ရရှိသော  မိုးရာသီတွင် အများအပြားသီးကာ၊ အမှည့်လွန်အသီးများ၊ ကြွေကျသောအသီးများနှင့် ရန်ကုန်တင်ပို့ရန် လုံလောက်သောပမာဏမရှိသည့် အသီးများကိုကောက်ယူ၍ ပါးပါးလှီးအခြောက်လှမ်း၍ အသီး ခြောက်ပြုလုပ်ရောင်းချနိုင်ပြီး ယခုအခါ အသီးခြောက် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်ထိရရှိလျက်ရှိပါသည်။၊ အရွက်ကိုလည်းရန်ကုန်သို့ တင်ပို့ရောင်းချနိုင်ပြီး စွန့်ပစ်စရာမရှိ ဈေးကွက်ဝင် အသုံးတည့်သောအပင်မျိုးလည်းဖြစ်ပါသည်။

          ရဲယိုပင်သည် မြန်မာနိုင်ငံအနှံ့ ပေါက်ရောက်ပြီး မိုးများသော ဒေသတွင်ပိုမိုဖြစ်ထွန်းကာ အစေ့ပျိုး၍ စိုက်ပျိုးနိုင်သောအပင်ဖြစ်သလို အရွက်ကော၊ အသီးပါစားသုံးနိုင်ပြီး ၊ အသီး၏စူးရှသော အနံ့ကြောင့် စားသုံးသူများကြိုက်နှစ်သက်မှုနည်းသော်လည်း အရွက်တွင်ပါဝင်သော အဟာရဓာတ်မှာ အသီးနှင့် အတူတူပင်ဖြစ်၍ ပရိုတင်း၊ ဗီတာမင်စီ၊ အမျှင်ဓာတ် တို့ပါဝင်၍ ဝမ်းဖောဝမ်းရောင်၊ ရင်ပြည့်ရင်ကယ်၊ ချောင်းဆိုးရောဂါများကိုပျောက်ကင်းစေကြောင်း မြန်မာ့စွယ်စုံကျမ်းအတွဲ (၁၁) တွင်ဖော်ပြထားပါသည်။ ဆက်လက်တွေ့ရှိချက်များအရ Antioxidant ကြွယ်ဝတဲ့အတွက် ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း ကင်ဆာဆဲလ်ကိုတားဆီးနိုင်ခြင်းတို့ကြောင့် အလွန်ဆေးဘက်ဝင်သော အပင်လည်းဖြစ်ပါသည်။

          ရဲယိုစိုက်ပျိုးခြင်းသည် အပင်ပေါက်မြန်ပြီး  အထူးတလည် ပြုပြင်စရာမလိုပဲ ရှင်သန်ကြီးထွားနိုင်သော အပင်မျိုးဖြစ်သည့်အတွက် တွက်ချေကိုက်စိုက်ပျိုးနိုင်သော်လည်း ပြည်တွင်းဈေး ကွက်မတည်ငြိမ်ခြင်းသည် တောင်သူတို့ကြုံတွေ့ရသောအခက်အခဲဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ တစ်နှစ်ပတ်လုံး အသီးရရှိရန် ဆောင်းတွင်းနှင့် နွေရာသီကာလများတွင်  ပေးရန်လိုအပ်ပါသည်။ အသီးစိုနှင့် အသီးခြောက်ကို ရန်ကုန်တခုတည်းကိုသာ အဓိကထားတင်ပို့နေရပြီး ဝယ်သူဈေးကွက်ဖြစ်နေကာ ဈေးနှုန်းနှင့် ဝယ်လိုအားတည်ငြိမ်မှုမရှိသည့်အတွက် ရဲယိုထုတ်ကုန်များ ထုတ်လုပ်နိုင်မှသာ  ပိုမိုတွက်ချေကိုက် အကျိုးဖြစ်ထွန်းနိုင်ကြောင်း သိရပါသည်။

          သဘာဝနည်းစဉ်များနှင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိခြင်းကြောင့် ၂၀၁၉ ခုနှစ်တွင်  ဦးထိန်လင်း၏ ရဲယိုခြံမှ  Organic ရဲယို အစို ၃၅ တန်အား Myanmar Organic Agricultural Group ၏ ထောက်ခံချက်ဖြင့် Fame ဆေးဝါးထုတ်လုပ်ငန်းသို့ တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။  ယခုအခါ ဦးထိန်လင်းအနေနှင့် ရဲယိုသတ္တုရည်ကို စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး ပတ်ဝန်းကျင်ဒေသများသို့ ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါသည်။ ရဲယိုသီးအစို ပိဿာ (၅၀) ကိုသတ္ထုရည်ထုတ်လုပ်ပါက သန့်စင်သည့် သတ္ထုရည် ၁၁လီတာခန့်ရရှိပြီး၊ တစ်လီတာလျှင် ၄၀၀၀ ကျပ်ဈေးဖြင့် ရောင်းချရလျက် ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီး မှူးရုံးအနေဖြင့်လည်း  ကုန်စည်များပေါ်တွင်‌ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြနိုင်ရေး ဆွေးနွေးခြင်း၊ ရဲယို ပျားရည်၊ရဲယိုဖျော်ရည်များ ထုတ်လုပ်နိုင်ရေးအတွက်  အသေးစား စက်မှု၊လက်မှုလုပ်ငန်းဦးစီးဌာန နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

          အစာလည်းဆေး၊ ဆေးလည်းအစာဆိုသော မြန်မာ့စကားပုံကဲ့သို့ နေ့စဉ်စားသုံးသော အစားအစာများတွင် မိမိပတ်ဝန်းကျင်ရှိ အဖိုးနည်းဝန်ပါ  ကျန်းမာရေးနှင့်လျော်ညီသော အသီးအရွက်များကို စားသုံးခြင်းဖြင့် ရောဂါများကို ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ပါသည်။ ဆေးဘက်ဝင်သော  ရဲယိုကဲ့သို့ နှစ်ရှည်သီးပင်များကို သဘာဝနည်းစနစ်များအတိုင်း (Organic Farm) အဖြစ် စိုက်ပျိုးပြီး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်၍ အရည်အသွေးမီ ဆေးဘက်ဝင်စားကုန်များ ထုတ်လုပ်ခြင်းဖြင့်၊ ပြည်ပသွင်းကုန်များ အစားထိုးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ခြင်းနှင့် မိသားစုဝင်ငွေများတိုးကာ၊ကျန်းမာပျော်ရွှင်သော လူမှုဘဝကိုရရှိစေမှာ ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး