ပခုက္ကူမြို့ရှိ Royal King Land Manufacturing & Distribution Co.,Ltd စီးကရက်လုပ်ငန်းအား စက်မှုမှတ်ပုံတင်သက်တမ်းတိုးမြှင့်ရန်အတွက် အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးသည် ဇန်နဝါရီလ (၁၀)ရက်၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်၊ ဗုဒ္ဓကုန်းရပ်၊      ပခုက္ကူ-ရေစကြိုလမ်း ရှိ Royal King Land Manufacturing & Distribution Co.,Ltd စီးကရက်လုပ်ငန်း အမှတ် (၃) စီးကရက်စက်ရုံအား စက်မှုမှတ်ပုံတင် သက်တမ်းတိုးမြှင့်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနစသည့် သက်ဆိုင်ရာဌာန(၇)ခုမှ ကိုယ်စားလှယ်များဖြင့် ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးမှုအား စစ်ဆေးခဲ့ပါကြောင်း၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဖြင့် တာဝန်ယူဆောင်ရွက်ပြီး ကျန်ဌာနများသည် အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း၊ စက်မှုမှတ်ပုံတင်မှာ (၁)နှစ်(၁)ကြိမ် သက်တမ်းတိုးရာတွင် လိုအပ်သည့် အချက်အလက်များ စစ်ဆေးရန်အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရပါကြောင်း သိရှိရပါသည်။

          စစ်ဆေးတွေ့ရှိချက်အရ စက်ရုံမှာ ယခုကာလအတွင်း ကုန်ကြမ်းပြတ်တောက်သည့်အခါ ခဏရပ်နားထားရပြီး ကုန်ကြမ်းရရှိသည့်အခါ လုပ်ငန်းပြန်လည် လည်ပတ်ကြောင်း၊ စက်ရုံမှာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ထံမှ(၅)နှစ်(၁)ကြိမ်စာချုပ်ဖြင့် ငှားရမ်းထားကြောင်း၊ Boiler (၁)လုံးအား သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းနိုင်ရေးအတွက် နှစ်စဉ်သက်တမ်းတိုး စစ်ဆေးမှုခံယူခြင်းဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် စက်ရုံအတွင်းရှိ ထရန်စဖော်မာနှင့် လျှပ်စစ်ပစ္စည်းများကို (၁)နှစ်(၁)ကြိမ် အစစ်ဆေးခံလျက်ရှိကြောင်း၊ စက်ရုံလည်ပတ်မှုကြောင့် စက်ရုံဝန်ထမ်းများအတွက် အလုပ်အကိုင်အခွင့်အလမ်း များရရှိပြီး လစဉ် ဝင်ငွေများရရှိကြောင်း၊ စက်ရုံမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ(စက္ကူ/နံကာ၊ ပလပ်စတစ်များ)အား ပြင်ပသို့ စနစ်တကျရောင်းချကြောင်း၊ Boiler  မှာလည်း FO ဆီ အသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိကြောင်း သိရှိရပါသည်။

         စက်ရုံမှူးမှ စီးကရက်လုပ်ငန်း၏ အဓိကကုန်ကြမ်းဖြစ်သော ဗာဂျီနီးယားဆေးများအား ဗာဂျီနီးယားဆေးလုပ်ငန်းစက်ရုံ  (VTCL) ကုမ္ပဏီမှ ဝယ်ယူပြီးဆောင်ရွက်ကြောင်း၊  ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်ကို ရှင်းလင်းရာ ပထမဆုံးအနေဖြင့် ကုန်ကြမ်းဌာနခွဲမှ ဆေးချိန်၊ ဆေးခွာ၊ ဆေးစပ်ခြင်း ၊ ဆေးပေါင်းခြင်း၊ ဆေးရွက်ဆုတ်ခြင်း၊ အချိုရည်ဖြန်းခြင်း၊ ဆေးရိုးပေါင်းခြင်း၊ ပြားခြင်း၊ ဖြတ်ခြင်း၊ လှော်ခြင်း၊ ဆေးရွက်ဖြတ်ခြင်း၊ ဆေးရိုးမျှင်ရောစပ်ခြင်း၊ ဆေးမျှင်အအေးခံခြင်း၊ ဆေးမွှေးရည်ဖျန်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြောင်း၊ ဒုတိယအနေဖြင့် ကုန်ချောဌာနခွဲမှ ဆေးမျှင်သိုလှောင်ခန်း၊ စီးကရက်လိပ်စက်၊ စီးကရက်ဘူးသွင်းစက်၊ အခွန်တံဆိပ်ခေါင်းစက်၊ လကြေးပတ်စက်နှင့်ဆုတ်ကြိုးစက်၊ ကာတွန်းထုတ်စက်နှင့် ကာတွန်းထုတ်လကြေးပတ်စက်၊ သေတ္တာသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး စီးကရက်ကုန်ချောဂိုဒေါင်သို့ ပေးပို့ပါကြောင်း စက်ရုံမှူး၏ ပြောကြားချက်အရ သိရှိရပါသည်။

         ဌာနကိုယ်စားလှယ်များအနေဖြင့် ကုန်ထုတ်လုပ်မှု အပြည့်အဝ လည်ပတ်နိုင်ပါက လေဝင်/ လေထွက် ကောင်းစေရန် လေအေးပေးစနစ်များကို အမြဲအသုံးပြုသင့်ကြောင်း၊ စက်လည်ပတ်နေစဉ် ဝန်ထမ်းများ၏ ကျန်းမာရေးအတွက် နှာခေါင်းစည်း၊ ခေါင်းစည်းနှင့် Apron များ အမြဲဝတ်ဆင်ပြီးမှ လည်ပတ်သင့်ကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိဘဲ အလုပ်အကိုင် အခွင့်အလမ်းများရရှိခြင်းတို့ကြောင့် ဒေသခံများအနေဖြင့် စက်ရုံအမြဲတမ်းလည်ပတ်နိုင်လျှင်ပို၍အဆင်ပြေနိုင်ကြောင်း အကြံပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး