ဖျာပုံမြို့နယ်တွင်စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပ

Powered by Drupal

           ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ၊တားမြစ်ထုတ်ကုန်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့်စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့ကို ရည်ရွယ်ကာ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အား၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ(၅)ရက်၊နေ့လည် (၁:၃၀)နာရီ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဒေါ်မာမာလွင် က Talk Show ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဈေးကွက်၌မည်သည့်ကုန်စည်များ စစ်ဆေးနေကြောင်းနှင့် ဥပဒေအရ ပြဌာန်းချက်များ မည်သို့ရှိကြောင်းဆွေးနွေး ပြောကြားရာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၆) စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအရ ပုဒ်မ(၁၅)၊ ပုဒ်မခွဲ(ခ)တွင် ကုန်အညွှန်းအမှတ်အသားတွင်ဖော်ပြရမည့် အချက်များပါဝင်မှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းဟု ပြဌာန်းထားသည့်အတွက် ဈေးကွက်အတွင်းရှိ ကုန်စည်များအား မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ စစ်ဆေးနေရခြင်းဖြစ်ပါကြောင်း၊ ကုန်စည်များစစ်ဆေးရာတွင် ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲမှုနည်းလမ်း၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့ကိုဖော်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းသို့တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏အမည်၊လိပ်စာ၊လုပ်ငန်းအမည်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းပြီးပြန် လည်ထုပ်ပိုးသည့်နေရာများထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်တွင်ပါဝင်သည့်ကုန်ကြမ်း ပစ္စည်းအမည်၊ ပမာဏနှင့်ပါဝင်မှုအချိုးအစား၊ဘေးထွက်ဆိုးကျိုးနှင့် ဓာတ်မတည်းကြောင်းဖော် ပြချက်၊ကြိုတင်ပြင်ဆင်သတိပေးချက်များ၊သက်ဆိုင်ရာအစိုးရဌာန၏ဖော်ပြရန် သတ်မှတ်ထားသည့် အချက်အလက်များထည့်သွင်းဖော်ရမည်ဖြစ်ကြောင်း၊ပုဒ်မ(၄၃)အရကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၆၇)၊ ပုဒ်မခွဲ(က)တွင် ပုဒ်မ(၄၁)အရ ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့်အချက်အလက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှု၊ပုဒ်မ(၆၈)အရ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရာတွင်ပုဒ်မ(၄၃)ပါပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ကုန်သွယ်ခြင်းသို့မဟုတ်ရောင်းချခြင်း မပြုရရန်ပြဌာန်းထားပါကြောင်း၊  ပုဒ်မ(၇၃)အရ စီးပွားရေးလုပ်ငန်း မည်သူမဆို ပုဒ်မ(၆၇)နှင့် (၆၈)တို့ပါတားမြစ်ချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကျူးလွန်ကြောင်း၊ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၂၀၀) ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုပြဌာန်းထားပါကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်း‌‌‌‌‌‌‌ဒေသကြီး