ရေတာရှည်မြို့နယ် စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းသို့ကွင်းဆင်းစိစစ်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲ တာဝန်ခံများ၊ ရေတာရှည်မြို့နယ်တာဝန်ခံတို့နှင့်အတူ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ UKM ပဲစပ်ဆီထုတ်လုပ်သည့်လုပ်ငန်းသို့ သွားရောက်ပြီး လုပ်ငန်းရှင် ဦးမျိုးဝင်းအောင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့်ပြဌာန်းချက်များကို ဆွေးနွေးခဲ့ပါသည်။

        မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့သည် ၂၇.၁၁.၂၀၂၁ နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၅၂၄/၂၀၂၁ ကို ထုတ်ပြန်ခဲ့ပြီး အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်နှင့် အမှတ်တံဆိပ်ပါ စားသုံးဆီများကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်လိုက်ကြောင်း၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀.၁၂.၂၀၂၁ နေ့တွင် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို ထုတ်ပြန်ခဲ့ပြီး ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစား များနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်၊ ဥပမာ - ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ) စသည်ဖြင့် ဖော်ပြရန်၊ ကုန်စည်၏ အသားတင် ပမာဏနှင့် အရွယ်အစားတို့အား မြန်မာယူနစ်အလေးချိန်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာ ဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားကြောင်း၊ ၎င်းညွှန်ကြားချက်သည် စတင်ထုတ်ပြန်ပြီး ၆ လ ပြည့်သည့်နေ့တွင် အာဏာတည်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

          ထို့နောက် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် UKM စားသုံးဆီအရောင်းဆိုင်အတွင်း ရောင်းချလျှက်ရှိ သော စားသုံးဆီများ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုကို ကြည့်ရှုစစ်ဆေးပြီး စားသုံးဆီဘူး များတွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများသည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၃ ပါ မြန်မာဘာသာဖြင့်ဖော်ပြရန် ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ အမှတ်တံဆိပ်ပါ စားသုံးဆီများကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်ထားပါသဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ထောက်ခံချက်ကို ရယူရန်လိုအပ်ကြောင်း အကြံပြု မှာကြားခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)