တောင်ငူမြို့ရှိ ရေသန့်နှင့် စားသောက်ကုန်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းသို့ ကွင်းဆင်းစိစစ်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲ တာဝန်ခံများ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဦးစစ်ကိုလမ်းရှိ ရေသန့်နှင့် စားသောက်ကုန် ထုတ်လုပ် ရောင်းချနေသည့် လုပ်ငန်းရှင် ဦးစန်းလှိုင်နှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ ပုဒ်မ ၄၃ ပါ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြရန် ပြဌာန်းချက်များ၊ ၎င်းပုဒ်မပါ ပြဌာန်းချက်များအား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက် ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော သောက်ရေသန့်များ၊ အသင့်စားခေါက်ဆွဲများ၊ ငရုတ်ဆီများနှင့် အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုကို ကြည့်ရှုစစ်ဆေးရာ အခြားစားသောက်ကုန်များတွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ နှင့်ကိုက်ညီသော်လည်း သောက်ရေသန့်အမျိုးအစားတစ်ခုတွင် သောက်ရေသန့် ဟူသောစာသားနှင့် အသားတင်ပမာဏဖြစ်သော ၁ လီတာတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရန် လိုအပ်သဖြင့် ကုန်အမှတ်တံဆိပ်တွင် အဆိုပါ မြန်မာဘာသာဖြင့် ဖော်ပြရန် လိုအပ်သည့်အချက် ၂ ချက်အား ဖော်ပြရန်နှင့် လက်ရှိ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော ရေသန့်ဘူးများတွင် သောက်ရေသန့်နှင့် ၁ လီတာဟူသော မြန်မာဘာသာဖြင့် ဖော်ပြသည့်စာသားအား စတစ်ကာဖြင့် ထပ်ပိုးကပ်ရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)