တောင်ငူမြို့ရှိ စားသောက်ကုန်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲ တာဝန်ခံများ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တောင်ငူမြို့၊ အမှတ် ၂၂ ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဘေးရှိ ရွှေပြည်တော်မုန့်တိုက်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့် ပြဌာန်းချက်များနှင့်ပတ်သက်၍ ဆွေးနွေးပြီး မုန့်တိုက်အတွင်း အရောင်းစင်တာတွင် ရောင်းချလျက်ရှိသော ရွှေပြည်တော်အမှတ်တံဆိပ် မုန့်မျိုးစုံနှင့် တွဲဖက်ရောင်း ချလျှက်ရှိသော အာဟာရမှုန့်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကို စစ်ဆေးခဲ့ပါသည်။

          ရွှေပြည်တော်မုန့်တိုက် အရောင်းစင်တာတွင် ၎င်းမုန့်တိုက်မှထုတ်လုပ်သည့် ရွှေပြည်တော် အမှတ်တံဆိပ် ကိတ်မုန့်၊ ကိတ်ခြောက်နှင့် ပေါင်မုန့်မျိုးစုံအပြင် အာဟာရမှုန့်များဖြစ်သော Nescafe, Ovaltine, Holick, Nestle Milo များကိုလည်း ရောင်းချလျက်ရှိပြီး ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်မှု ရှိကြောင်း တွေ့ရှိရပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)