တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အမှတ်စဉ် (၅/၂၀၂၂) တွင်စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

            ၁၄.၁.၂၀၂၂ ရက်နေ့၊နေ့လည်(၁:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်ပြီး ဝန်ထမ်းသုံးဦးပါဝင်သောအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ဖွင့်လှစ်ပို့ချပေးသော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အမှတ်စဉ် (၅/၂၀၂၂) သို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

            ဟောပြောဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက တက်ရောက်နေသော သင်တန်းသူ/သားများအား ဦးစွာမိတ်ဆက်ပြီး စားသုံးသူရေးရာဦးစီးဌာနအမည်ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) နှင့် မှားယွင်းသိနေကြ၍ ၎င်းဦးစီးဌာနနှစ်ခုအကြောင်းကို ကွဲပြားအောင်ရှင်းလင်း ဆွေးနွေးလိုသဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဗဟုသုတများမပြောကြားခင် DOCA နှင့် FDAတို့၏ ဝန်ကြီးဌာန တိုင်းအဆင့်/ခရိုင်-မြို့နယ်အဆင့် ရည်မှန်းချက်များ၊ ဌာနနှစ်ခုတွင် အသုံးပြုကျင့်သုံးနေသည့် ဥပဒေအမည်များနှင့် ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများအကြောင်း သင်တန်းသူ/ သားများအား ယှဉ်တွဲပြောပြပြီး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

         ဆက်လက်၍ မိမိတို့ဦးစီးဌာနတွင် ကျင့်သုံးနေသော စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။ ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ကြောင်း ယခုသင်တန်းသား/သူများတွင် အချို့က သင်တန်းပြီးလျှင် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင် ကြမည့်သူများ ပါဝင်သဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)တွင် ပါဝင်သော စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖြင့် အသေးစိတ်ရှင်းလင်းပြောကြား ပြီး ဥပဒေပါတားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသူ/သားများအား လက်ရှိသင်တန်းဆင်းပြီးသွားလျှင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြမည်ဖြစ်၍ လုပ်ငန်းရှင်ဟု မြင်သာအောင်ဆွေးနွေးပြောကြားခဲ့သော်လည်း တစ်ဖက်ကကြည့်လျှင် စားသုံးသူများဖြစ်ကြောင်း၊ ပြည်သူများသည် စားသုံးသူများဖြစ်သည့်အတွက် စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးများရှိကြောင်းနှင့် စားသုံးသူအခွင့်အရေး(၈)ရပ်ကို မြင်သာအောင် ရှင်းလင်းဆွေးနွေးခဲ့ပြီး ယင်းအခွင့်အ‌ရေးများ နစ်နာဆုံးရှုံးခဲ့ပါက စားသုံးသူရေးရာဦးစီးဌာန တိုင်းနှင့်ပြည်နယ်များရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံရေးစင်တာ (CICC) များတွင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး သင်တန်းသူ/ သားများကလည်း သိလိုသည်များ အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး