စားသုံးဆီများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြလာရေးအသိပေးဆွေးနွေး

Powered by Drupal

     

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဦးစီးမှူး ဒေါ်ဌေးဌေးနှင့် မြို့သစ်မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်တို့သည်(၁၈.၁.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)အချိန်၌ တောင်တွင်းကြီးမြို့ပေါ်ရှိ စားသုံးဆီရောင်းချ/ဖြန့်ဖြူးလျှက်ရှိသော လုပ်ငန်းရှင် (၇)ဦးအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင် ယခုအခါ စျေးကွက်အတွင်းရှိ စားသုံးဆီများအနက် အချို့သောစားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) ဟူ၍ ဖော်ပြပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှက်ရှိရာ အဆိုပါဖော်ပြချက်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာပြဌာန်းချက်အရ ကုန်စည်တစ်ခု၏အမျိုးအမည်မဟုတ်သည့်အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြထားခြင်းမရှိသော ယေဘူယျဆန်သည့် အမျိုးအမည်တစ်ခုသာဖြစ်၍ စားသုံးသူများထင်ယောင်ထင်မှားဖြစ်စေသောကြောင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ(အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်သည့်အပြင် အသားတင်ပမာဏကိုဖော်ပြရာတွင် ပိဿာကျပ်သားဖြင့် ဖော်ပြပေးရမည်ဖြစ်ကြောင်း၊ (၂၀.၁၂.၂၀၂၁)ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး (၆)လပြည့်မြောက်သည့်နေ့ (၂၁.၆.၂၀၂၂)တွင် စားသုံးဆီများတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြထားခြင်း မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားသည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို “မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ’’ ဖော်ပြရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

         ထို့အပြင် အမှတ်တံဆိပ်ပါ စားသုံးဆီများကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်လိုက်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကျန်းမာရေးဦးစီးဌာန (FDA)ထောက်ခံချက်ပါရှိသော စားသုံးဆီများကိုသာ ရောင်းချဖြန့်ဖြူးသွားရန် အသိပေးဆွေးနွေးခဲ့ပါသည်။ ထိုသို့ စီးပွားရေးလုပ်ငန်းရှင်များသို့ ကွင်းဆင်းအသိပေးဆွေးနွေးခြင်းများဖြင့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထုတ်လုပ်လာမည်ဖြစ်သည့်အတွက် စားသုံးသူများအနေဖြင့် ဘေးကင်းလုံခြုံသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးလာနိုင် မည်ဖြစ်ပြီး ယုံကြည်စိတ်ချရမှု ပိုမိုရရှိလာစေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး