စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂” ၏ ဖော်ထုတ်ချက် (၄၃) ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် (၂၃) ဦးပါဝင်သည့် “သိုလှောင်ရုံကုန်အပ် လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System – WRFS) အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ (Task Force)” ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ (Task Force) ၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့၊ (၁၆:၃၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ (Task Force) ဥက္ကဋ္ဌ ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက “သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ဖော်ထုတ်ချက်များအနက် တစ်ခုဖြစ်သည့် WRF စနစ်တွင် ပါဝင်မည့်သိုလှောင်ရုံများကို မှတ်ပုံတင်ထားရှိနိုင်ရေးအတွက် မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online – MyRO) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် မြန်မ နိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းတည်ထောင်လွှင့်တင်လျက်ရှိပါကြောင်း၊ အဆိုပါ MyRO Website မိတ်ဆက်ပွဲ (Go-Live Ceremony) နှင့် သိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ WRF စနစ်တွင် ပါဝင်မည့်သိုလှောင်ရုံများအနေဖြင့် MyRO Website ၏ Professional သိုလှောင်ရုံလုပ်ငန်းများကဏ္ဍတွင် မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် သိုလှောင်ရုံ (၁၇၄) လုံးကို မှတ်ပုံတင်ထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် “ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်”ကို မူကြမ်းရေးဆွဲပြုစုထားပြီး ဥပဒေရေးရာဝန်ကြီးဌာနကို သဘောထားမှတ်ချက်တောင်းခံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ WRF စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သိုလှောင်ရုံလုပ်ငန်းများ စနစ်တကျ ရှိစေရေး ကြပ်မတ်ကွပ်ကဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းကဏ္ဍများနှင့်ပတ်သက်သည့် စံလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲပြီး ထုတ်ပြန်ရန်စီစဉ်လျက်ရှိပါကြောင်း၊ ချေးငွေကဏ္ဍနှင့် ပတ်သက်သည့် စံလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများကို ဆက်လက် ရေးဆွဲသွားကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ လုပ်ငန်းအဖွဲ့ (Task Force) အတွင်းရေးမှူး ကိုယ်စား စားသုံးသူရေးရာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးက Task Force ၏ (၁/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(မူကြမ်း)ရေးဆွဲထားရှိမှုတို့နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။
ယင်းနောက် Task Force အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌက သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်နှင့်စပ်လျဉ်း၍ ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးသို့ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့်ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ (Task Force) ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ်နှင့် Task Force အဖွဲ့ဝင် များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံအာမခံအသင်းနှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းတို့မှ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။