ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ သင်တန်းဖွင့်ပွဲ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် အလုပ်သမားဝန်ကြီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)တို့ပူးပေါင်းပြုလုပ်သော လေအေးပေးစက်တပ်ဆင်ပြုပြင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄)နှင့် မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကင်းမြို့နယ်ရှိ အလုပ်သမားဝန်ကြီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ၉.၁.၂၀၂၄၊ နံနက် (၈:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

  အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ ကလေးအလုပ်သမားများအား လိုအပ်သော ကာကွယ်စောင့်ရှောက်မှုများပေးနိုင်ရေး၊ ပညာရေးအခွင့်အလမ်းများတိုးပွားစေရေး၊ အသက်မွေးဝမ်းကျောင်းပညာသင်ယူမှုအခွင့်အလမ်းများ ရရှိစေရေး၊ သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များရရှိစေရေး၊ အမျိုးသားအဆင့်ကလေးအလုပ်သမားများ ပပျောက်စေရေး ရည်ရွယ်ကာ လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းမှ သင်ကြားပို့ချပေးသော အတတ်ပညာများအပေါ်အခြေခံပြီး အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို စနစ်တကျ အသုံးချလုပ်ကိုင်ဆောင်ရွက်ကြပြီး ကျွမ်းကျင်လုပ်သားကောင်း တွေအဖြစ် မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် မိမိမိသားစုတွေကို အကျိုးကျေးဇူး ရရှိစေပြီး နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်သူများဖြစ်ကြပါစေကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အလုပ်အကိုင်ဖန်တီးပေးရေး လုပ်ငန်းကော်မတီအနေဖြင့် ၂၀၂၂ ကြားကာလ (၆)လဘဏ္ဍာနှစ်မှစ၍ ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချပေးခဲ့ရာ ယခုထိ သင်တန်း(၂၈)ကြိမ် သင်တန်းသား စုစုပေါင်း (၇၀၀)ကျော် မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဝင်များ၊ သင်တန်းဆရာများ၊ သင်တန်းသားများ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအား (၀၉:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)