စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၉.၁.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၅)၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၆)ဦးနှင့်ကျောင်းသား/ ကျောင်းသူ (၁၀၆) ဦးတို့တက်ရောက်ခဲ့ကြပါသည်။
ဟောပြောပွဲတွင် အမှတ်(၁၅)၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဦးစီးမှူး ဦးမြတ်မင်းက ဌာန၏သမိုင်းကြောင်း၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ယခုဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး ဌာန၏မျှော်မှန်းချက်ဖြစ်သော “စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်” ဟူသောရည်ရွယ်ချက်ဖြင့် ကျောင်းသား/သူများအား အစားအသောက်နှင့်အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူအသုံးပြုရာတွင် စားသုံးသူများ၏အခွင့်အရေးနှင့် ကုန်ပစ္စည်းများတွင် ထည့်သွင်း ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို သိရှိလိုက်နာဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက စားသုံးသူကာကွယ်ရေး၊ စားသုံးသူ၊ ကုန်စည်၊ ဝန်ဆောင်မှုများ၏အဓိပ္ပာယ်များအား ရှင်းလင်းခြင်း၊ စားသုံးသူများ ရရှိသည့် အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များကို ဆွေးနွေးပြောကြားခဲ့ပြီး အခုလိုသိရှိမှသာ အခွင့်အရေးများကို တောင်းခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများလိုက်နာရမည့် တာဝန်များကိုလည်း တိတိကျကျလိုက်နာရန် လိုအပ်ကြောင်းများနှင့် ဒုတိယဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးက အခန်း(၁၈)ပါ ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ် ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူ၊ စားသောက်၊ ရောင်းချခြင်းမပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှသာလျှင် သုံးစွဲစေချင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဦးစီးမှူး ဦးမြတ်မင်းက ကျောင်းသား/ကျောင်းသူများ အနေဖြင့် မိမိကိုယ်တိုင်၊ မိဘ၊ ဆွေမျိုးနှင့် ပတ်ဝန်းကျင်ရှိ မိတ်ဆွေအပေါင်းအသင်းများအား အခွင့်အရေးများကို နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်ကြောင်း၊ ဒါအပြင် Facebook စာမျက်နှာတွင် လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားလျှင် ဖြေရှင်း ဆောင် ရွက်ပေးလို့မရသည့် ကိစ္စများကိုလည်း ရှင်းလင်းပြောကြားခဲ့ပြီး ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်ကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)