စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၀.၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အမှတ်(၄၅)၊ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာမ(၈)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၄၇)ဦး၊ စုစုပေါင်း(၅၅)ဦးတို့အား စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီး ဌာနသည် ပြည်သူ့အတွက် အကျိုးပြုသော ဌာနတစ်ခုဖြစ်ကြောင်း၊ ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုလို လာရောက် အသိပညာပေးခြင်းဖြစ်ကြောင်း၊ အသိပညာနှင့် ဗဟုသုတများစွာရရှိစေလိုကြောင်း၊ လူတော်တစ်ဦး ဖြစ်ရန် အတတ်ပညာများလိုအပ်ပြီး အသိပညာများစွာသိရှိပါက လူကောင်းတစ်ယောက်ဖြစ် လာမည်ဖြစ်သောကြောင့် အတတ်ပညာရောအသိပညာပါ နှစ်မျိုးလုံးရရှိရန်အတွက် မိမိကိုယ်တိုင် လေ့လာ မှတ်သား၍ အများပြည်သူအားဖြန့်ဝေစေလိုကြောင်း၊ အခွင့်အရေးရရှိမှသာ အကျိုးစီးပွားများ ကာကွယ်နိုင်မည်ဖြစ်ပြီး အသိပညာပေးဟောပြောမှုများ သေချာစွာလိုက်နာမှတ်သား ပြုလုပ် ဆောင်ရွက်စေလိုကြောင်း၊ ဌာနမှ ဝန်ထမ်းများသည် အသိပညာပေးခြင်း၊ လုံခြုံစိတ်ချရမှုအတွက် လုပ်ငန်းရှင်များအား သွားရောက်တွေ့ဆုံအသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်ခြင်းများအား စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဒုတိယဦးစီးမှူး ဒေါ်တင်တင်မော်က ဆွေးနွေးရာတွင် စားသုံးသူအခွင့်အရေးများအား ကျောင်းသား/ကျောင်းသူများ နားလည်နိုင်ရန်အတွက် ဥပမာများ၊ ပုံပြင်များ၊ သာဓကများနှင့်တကွ ရှင်းလင်းဆွေးနွေးပြီး အခွင့်အရေးများကို ရယူတတ်စေရန်နှင့် နစ်နာဆုံးရှုံးမှုများရှိပါက အထောက် အထားများနှင့်အတူ လာရောက်တိုင်ကြားစေလိုကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်သူဇာကျော်က ဆွေးနွေးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်(၈)ချက်အား သတိပြုဝယ်ယူ စားသုံးတတ်ရန် နမူနာစားသောက်ကုန်မုန့်များနှင့်အတူ ကျောင်းသား/ ကျောင်းသူများအား လွယ်ကူစွာ နားလည်စေရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် တိုင်ကြားနိုင်သူမျာအကြောင်း၊ စားသုံးသူရေးရာကိစ္စရပ်များ စုံစမ်းမေးမြန်းရန်နှင့် သိရှိလိုသည့် အချက်အလက်များရှိပါက Call Center 1535 သို့ ဆက်သွယ်နိုင်ကြောင်း အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် အမှတ်တရဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)