စားသုံးသူကာကွယ်ရေး အသိပညာရရှိစေဖို့ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက် အသိပညာပေးကြစို့

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်ကအနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူပြည်သူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများအား မှန်ကန်စွာရွေးချယ်ဝယ်ယူတတ်စေရန်နှင့် စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဝန်ဆောင်မှုဆိုင်ရာအသိပညာများရရှိစေရန် ရည်ရွယ်၍ (၁၀.၁.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ လယ်ယာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/ ဆရာမ(၈)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၈၂)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

    ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး စားသုံးသူရေးရာဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းဆွေးနွေးပြီး ဌာနမှ လုပ်ငန်းဆောင်ရွက်မှုများအကြောင်းအား  အသေးစိတ်ဟောပြော ဆွေးနွေးခဲ့ပါသည်။

    ဒုတိယဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းက ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်းအား ရှင်းလင်းရာတွင် အခွင့်အရေးနှင့်တာဝန်များကို သိရှိမှသာရယူနိုင်ပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်မလာနိုင်ကြောင်း၊ စိတ်ကျေနပ်မှု ရပိုင်ခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်၊  သတင်းအချက်အလက်ပြည့်စုံမှန် ကန်စွာသိရှိခွင့် နှင့်ပြေစာအထောက်အထားရယူပိုင်ခွင့်၊စိတ်ကြိုက်ရွေးချယ်ခွင့်၊ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားခွင့်၊ အလျော်အစား ရပိုင်ခွင့်နှင့် ကုစားခွင့်များ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအား အသေးစိတ်ရှင်းလင်းခဲ့ပြီး ထိုအခွင့်အရေးများကို ရယူနိုင်မှသာ ကောင်းမွန်သာယာသော ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်များ ရရှိနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများ ဘက်မှလည်း မိမိတို့၏တာဝန်များကို သိရှိလိုက်နာရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးက ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသားများကိုလည်း ကြည့်ရှု့ ဝယ်ယူတတ်စေရန် လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား(၈)ချက်အား ကျောင်းသား၊ကျောင်းသူများ အလွယ်တကူနားလည်နိုင်စေရန်အတွက် နမူနာ မုန့်များဖြင့် ပြသ၍ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်စည်များကို ဝယ်ယူသုံးစွဲလျှင် စားသုံးသူပြည်သူများအတွက် အခွင့်အရေးများ ပိုမိုရရှိလာနိုင်ကြောင်းနှင့် နစ်နာဆုံးရှုံးမှု တစ်ရပ်ရပ်ကိုတိုင်ကြားလိုလျှင် လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေး နည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း၊ သက်သေခံအထောက်အထားများနှင့်အတူ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်သူများအကြောင်းကိုလည်း အသေးစိတ်သိရှိစေရန် ရှင်းလင်းဟောပြောခဲ့ပြီး အသိပညာပေး ဟောပြောဆွေးနွေးပွဲအပြီးတွင် ဟောပြောခဲ့သည့် အကြောင်းအရာများကို သိရှိနိုင်မှုစွမ်းရည်များအား အမေးအဖြေပြုလုပ်၍ ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)