ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံဖော်ပြစေရေး တွေ့ဆုံဆွေးနွေး

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ နန်းတော်ကုန်း(၁)ရပ်ကွက်၌ ထုတ်လုပ်တင်သွင်းရောင်းချနေသော ပေါင်မုန့်/ကိတ်မုန့် ပိုင်ရှင်တစ်ဦးသည် ၎င်း၏ အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ၂၇ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        အဆိုပါ တွေ့ဆုံဆွေးနွေးမှုအရ ပေါင်မုန့်/ကိတ်မုန့်လုပ်ငန်းတွင် မုန့်အမျိုးအစား (၉)မျိုး ပြုလုပ်ကြောင်း၊ ထောပတ် မုန့်ကြွပ်၊ ကြက်သားကိတ်လိတ်၊ ဆီသန့်ကိတ်မုန့်၊ စက်လှီးပေါင်မုန့်၊နို့ပေါင်မုန့် ၊ကြက်သားလိတ်ပေါင်မုန့်၊ ပဲပေါင်မုန့်၊ ငှက်ပျောယို ပေါင်မုန့်၊ မုန့်ကြွပ် စသည့်မုန့်များကို မိသားစုတစ်နိုင်တစ်ပိုင် ထုတ်လုပ်သောလုပ်ငန်းဖြစ်ပြီး မိတ္ထီလာမြို့အတွင်းသာ (၃)ရက်တစ်ခါ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိခဲ့ရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးက မုန့်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံစွာ ဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ရှိစေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

       ယင်းသို့ ဌာနနှင့် လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုများထံ ဘေးကင်းလုံခြုံသောထုတ်ကုန်များကို ရောင်းချလာနိုင်မည်ဖြစ်ပြီး စားသုံးသူများအနေဖြင့်လည်း ထုတ်ကုန်များ ဝယ်ယူရာတွင် မှန်ကန်ပြည့်စုံသော သတင်းအချက်အလက်များကို ရရှိကာ ရွေးချယ်ဝယ်ယူလာနိုင်မည်ဖြစ်ပါသည်။

DOCA (မန္တလေး)