မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာထည့်သွင်း ဖော်ပြလာစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်း များသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ၊ ပြည်တွင်းကုန်သွယ်မှု ကဏ္ဍာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူသူတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများသည် ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၊ နေ့လည် (၁၅:၀၀)နာရီအချိန်တွင် မကွေးမြို့၊ အမှတ်(၁)၊ တောင်တွင်းလမ်းမကြီး၊ နွားကူးဘူတာရုံလမ်းထောင့်ရှိ “ Paradise Barker ” ကိတ်မုန့်နှင့်ပေါင်မုန့် ထုတ်လုပ်သည့် လုပ်ငန်းရှင်သို့ သွားရောက်တွေ့ဆုံခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမိုးမှ ကုန်စည်အုပ်စု (က) အစားအသောက်များမှ အသင့်စားမုန့်အမျိုးအစားတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရ မည်ဖြစ်ပြီး ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည် ဖြစ်သည့်အပြင် မိမိထုတ်လုပ်သည့် ကုန်စည်နှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းမှုကို အာမခံမှု ပေးရမည်ဖြစ်ကြောင်း၊ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အခက်အခဲတစ်စုံတစ်ရာရှိပါက မိမိတို့ဌာနသို့လာရောက် အကူအညီ တောင်းခံနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုပြည့်စုံပါက ဒေသတွင်းသာမက မြန်မာတပြည်လုံးသို့ ဖြန့်ဖြူးရောင်းချနိုင်မည်ဖြစ်ကြောင်း၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနသို့ မှတ်ပုံတင်လျှောက်ထားရန်နှင့်စည်ပင်သာယာမှ ထုတ်လုပ်ရောင်းချခွင့်လုပ်ငန်း လိုင်စင်ပြုလုပ်သွားရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဦးစီးမှူးဒေါ်အေးအေးခိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှု မရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီးဌာနနှင့် စားသုံးသူကာကွယ်ရေး ကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့်အချက်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များအား ဝေငှခဲ့ကြောင်း သိရှိရပါသည်။
ဤကဲ့သို့ဒေသတွင်း တစ်ပိုင်တစ်နိုင်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများသို့ သွားရောက် အသိပညာပေးဆွေးနွေးခြင်းအားဖြင့် စားသုံးသူပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှုရှိ၍ အာမခံမှုပေးနိုင်သည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူနိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည့်အပြင် လုပ်ငန်းရှင်များအနေဖြင့်လည်း မြန်မာနိုင်ငံတစ်ဝန်းသို့ တင်ပို့ရောင်းချလာနိုင်ခြင်းဖြင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီပေးနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
မကွေးတိုင်းဒေသကြီး