ရာသီပေါ်သီးနှံလိုင်ချီးသီးစျေးကွက်

Powered by Drupal

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်ရှိ ဒေသများတွင် စိုက်ပျိုးရေးခြံများနှင့် အိမ်ခြံဝန်းအတွင်း တနိုင်တပိုင်စိုက်ပျိုးထားသော လိုင်ချီးသီး(ဒေသအခေါ် တရုတ်ဇီးသီး/ လေချူသီး)များ မေလမှစတင်၍ ပေါ်ထွက်နေပြီးဖြစ်၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိနေပါသည်။ ကချင်ပြည်နယ်ဒေသများတွင် စိုက်ပျိုးထားသောလိုင်ချီးသီးများမှာ အခွံထူ အစေ့ကြီး အသားပါး အချဉ်ဓာတ်ကဲသောအမျိုးအစားနှင့် အခွံပါး အစေ့သေး အသားထူ ချိုမွှေးသောအမျိုးအစားဟူ၍ နှစ်မျိုးရှိပြီး ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာနှင့် ဗန်း‌မော်မြို့နယ် ၁၇ မိုင်အောင်မြေကျေးရွာမှ ထွက်ရှိ‌သော လိုင်ချီးသီးသည် စားသုံးသူများ နှစ်ချိုက်စွာစားသုံးသော ကြောင့် ဈေးကွက်အတွင်းတွင် ပိုမိုအရောင်းသွက်လျက်ရှိပါသည်။

       လက်လီဈေးကွက်တွင် အခွံပါး အစေ့သေး အသားထူ လိုင်ချီသီး အလုံး ၅၀ ပါ တစ်တွဲလျှင် ၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်အထိ၊ အခွံထူ အစေ့ကြီး အသားပါး လိုင်ချီသီး အလုံး ၅၀ ပါ တစ်တွဲလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ရောင်းချလျက်ရှိပါသည်။ သီးနှံကုန်သည်များအနေဖြင့် အပင်ပြတ် ဝယ်ယူမှုရှိသလို အလုံးလိုက် လက်ကားဝယ်ယူမှုများလည်းရှိပြီး အပင်ပြတ်ဝယ်ယူရာတွင် အသီး အမျိုးအစားနှင့် အသီးပါရှိမှုပေါ်မူတည်၍ တစ်ပင်လျှင် ၁၈၀၀၀၀ ကျပ်မှ ၂၅၀၀၀၀ ကျပ်၊ အလုံး လိုက်ဝယ်ယူရာတွင် အသီးအမျိုးအစားပေါ်မူတည်၍ လက်ကားဈေး တစ်လုံးလျှင် ၆၀ ကျပ်မှ ၈၀ ကျပ်အထိ ဝယ်ယူလျက်ရှိပါသည်။ လိုင်ချီးသီးများကို ဒေသတွင်းဈေးများ၊ သစ်သီးဆိုင်များတွင် လက်လီရောင်းချလျက်ရှိသလို ဖားကန့်၊ မိုးညှင်း၊ တနိုင်းနှင့် မန္တ‌လေးဈေးကွက်များသို့လည်း တင်ပို့ လျက်ရှိပါသည်။ ယခုနှစ်တွင် ရာသီဥတုအခြေအနေအရ လိုင်ချီးသီးအထွက်နှုန်း အနည်းလျော့ကျခဲ့သော်လည်း ယခင်နှစ်ထက် ဈေးနှုန်းပိုရသောကြောင့် စိုက်ပျိုးရောင်းချသော ပိုင်ရှင်များအနေဖြင့် မိသားစုဝင်ငွေ ပိုမိုရရှိလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကချင်)