ရွှေဖရုံသီးစိုက်ပျိုး ဝင်းငွေတိုး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် မိသားစုစားသုံးရန်အတွက် စားဖိုဆောင်သီးနှံများကို ရာသီအလိုက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် ရာသီသီးနှံဖြစ်သည့် ရွှေဖရုံသီးပင်များကို စိုက်ပျိုးထားခြင်းဖြစ်ပါသည်။

     ရွှေဖရုံသီးပင်များကို မြေယာအကျယ်တဝင့်ရှိသော တောင်သူများသည် ယာကွက်များအတွင်း၌ မြေကျင်းတူး၍ အစေ့တိုက်ရိုက်ချစနစ်ဖြင့် စိုက်ပျိုးထားပါသည်။ ရွှေဖရုံသီးပင်များကို မျိုးစေ့အနေဖြင့် အိတ်ထုတ်ကိုသာဝယ်ယူစိုက်ပျိုးထားပြီး  ရွှေဖရုံသီးပင်များကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားပါသည်။ 

     ရွှေဖရုံသီးပင်များကို စိုက်ပျိုးရာတွင် (၃)ပေပတ်လည်မြေကျင်းတူး၍ နွားချေးနှင့် ဖွဲပြာတို့ကိုရောသမအောင်မွှေပြီး တစ်ကျင်းနှင့်တစ်ကျင်းအကြား (၉)ပေခြား၍စိုက်ပျိုးထားရှိပြီး တစ်ကျင်းလျှင် မျိုးစေ့(၃)စေ့စိုက်ပျိုးထားပါသည်။ ရွှေဖရုံသီးပင်များကို ဖေဖော်ဝါရီလဆန်းပိုင်းတွင်စိုက်ပျိုးကာ တစ်လခွဲခန့်အကြာတွင် အဖူးအပွင့်များစတင်ဖူးပွင့်လာပြီး အညွန့်များစတင်ခူးဆွတ်စားသုံးနိုင်ကာ အဖူးအပွင့်နှင့်အသီးကင်းများစသီးချိန်တွင် အညှာခိုင်ဆေးဖျန်းပေးမှသာ အသီးများအောင်မြင်စွာကြီးထွားလာပါသည်။ အညှာခိုင်ဆေးဖျန်းမပေးလျှင် အသီးကင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုမရှိဘဲ ကြွေကျတတ်ပါသည်။ ရွှေဖရုံသီးပင်များကို ဧပြီလလည်ပိုင်းတွင် အသီးများစတင်ခူးဆွတ်စားသုံးရပါသည်။ ရွှေဖရုံသီးပင်များကို မိသားစုစားရုံ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြစ်သည့်အတွက် ကုန်ကျစရိတ်မှာ (၅၀၀၀/ ၁၀၀၀၀) ကျပ်ခန့်သာကုန်ကျပြီး ရွှေဖရုံသီးပင်များသည် ပထမအသုတ် ပင်ပျိုး၌ တစ်ပင်လျှင် အလုံးအရေအတွက် (၁၀/၁၅/၂၀) လုံးအထိ အသီးများသီးပါသည်။ ထို့နောက် ရွှေဖရုံသီးပင်များကို (၁၅)ပတ်လည် မြေဩဇာများကျွေးပေးပြီး ရေပေးလျှင် အသီးများ ဒုတိယအကြိမ်သီးလာပါကြောင်း၊ ရွှေဖရုံပင်သည် အသီးစားယုံသာမက အညွန့်များကိုပါစားသုံးနိုင်ကြောင်း၊ ယခုဇွန်လတွင် အသီးများရင့်မှည့်လာသည်အထိထားရှိပြီး  စားသုံးနိုင်သည့်အတွက် စိုက်ပျိုးသင့်သော သီးပင်စားပင်ဖြစ်ပါသည်။

      ရွှေဖရုံသီးများ၏ ဈေးနှုန်းဈေးကွက်အနေဖြင့် ရွှေဖရုံသီးတစ်ပိဿာလျှင် (၁၀၀၀/၁၂၀၀) ကျပ်ဈေးနှုန်းရှိပြီး တစ်လုံးလျှင် ပိဿာချိန် တစ်ပိဿာ/ တစ်ပိဿာခွဲ/ နှစ်ပိဿာအထိရှိသည့်အတွက် အလုံးအကြီး/ အသေး/ ပိဿာချိန်ပေါ်မူတည်၍ တစ်လုံးလျှင် (၁၀၀၀/၁၅၀၀/ ၂၀၀၀)ကျပ် ဖြင့်ရောင်းချရသဖြင့် အရင်းနည်းပြီး တွက်ချေကိုက်သည့်အတွက်  ယာမြေဧကပေါများသော တောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင်မှသည့ စီးပွားဖြစ်စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။  

DOCA(စစ်ကိုင်း)