ဆိပ်ဖြူမြို့ ကုန်စိမ်းသီးနှံဈေးကွက်၌ ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ၊ အာလူးနှင့်ချင်းဈေးနှုန်းများ

Powered by Drupal

ကြက်သွန်ဖြူ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ရေမြေရာသီဥတုအရ ကြက်သွန်ဖြူ စိုက်ပျိုးထွက်ရှိမှုမရှိ၍ အခြားမြို့နယ်များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တရုတ် (ကြူကုတ်)၊ အောင်ပန်းဒေသထွက်နှင့် ယောဒေသ ပေါက်၊ ဆော၊ ကျောက်ထုမြို့မှ ကြက်သွန်ဖြူ များ ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ အရည်အသွေးနှင့် အရွယ်အစားကိုလိုက်၍ ဗမာကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၀၀၀၀)၊ တရုတ် (ကြူကုတ်) ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀-၁၀၀၀၀)၊ ကြက်သွန်ဖြူအမြှောင့် တစ်ပိဿာလျှင် ကျပ်(၆၀၀၀-၅၀၀၀ဈေး)အသီးသီးဖြင့် ယခုဇွန်(ဒုတိယ)ပတ်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဈေးနှုန်းကျဆင်းခြင်းမရှိကြောင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့် ကုန်ဝင်နည်း၍ ကြက်သွန်ဖြူဈေးမြင့် တက်ကြောင်း ဈေးကွက်မှသိရှိရသည်။

အာလူး

          ဆိပ်ဖြူဈေးကွက်သို့ တရုတ်၊ ရှမ်းပြည်အောင်ပန်း၊ ဆင်ဖြူကျွန်း အာလူးများဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ အာလူးသီးနှံသည် ပြည်သူအများ စားသုံးမှုမြင့်မားလျက်ရှိပြီး အာလူးကြော်လုပ်ငန်းများလည်း တွင်းကျယ်စွာ ဆောင်ရွက်လျက်ရှိ၍ အာလူးသီးနှံ အရောင်းအဝယ် သွက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။ အာလူးအလုံးအရွယ်အစားနှင့် အရည်အသွေး လိုက်၍ (တရုတ်)အာလူးတစ်ပိဿာလျှင် ကျပ်(၃၅၀၀-၂၅၀၀)၊ ရှမ်းပြည်(အောင်းပန်း)အာလူး တစ်ပိဿာလျှင် ကျပ်(၄၀၀၀-၂၀၀၀)၊ (ဆင်ဖြူကျွန်း)အာလူးတစ်ပိဿာလျှင် ကျပ်(၃၅၀၀-၂၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင် ဇွန်လ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် အာလူးဈေးမှာ အတက်အကျမရှိ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

ချင်း(ဂျင်း)

          ဆိပ်ဖြူမြို့နယ်သည် ချင်းစိုက်ပျိုးမှုမရှိ၍ ရှမ်းပြည်(အောင်ပန်း)မြို့မှ ထွက်ရှိသော ချင်းများ ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ချင်းသီးနှံမှာ အိမ်ရှင်မများ အတွက် မပါမဖြစ် အသုံးဝင်သော စားဖိုးဆောင်သီးနှံတစ်မျိုးဖြစ်ပြီး ကျန်းမာရေးဆေးဖက်ဝင် တစ်မျိုးဖြစ်၍ အသုံးပြုမှု များလျက်ရှိခြင်းကြောင့် ပြည်တွင်းဈေးကွက် ခိုင်မာလျက်ရှိသည်။

          ချင်း ဈေးကွက်အနေဖြင့် မေလဆန်းပိုင်းမှ စတင်ပြီး ဈေးတက်၍ အရောင်းအဝယ်ဖြစ် လျက်ရှိသည်။ ယခုဇွန်လဆန်းပိုင်းအထိ ဈေးကျဆင်းခြင်းမရှိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခု ဇွန်လ(ဒုတိယပတ်)တွင် ချင်းတက်တစ်ဆယ်သားလျှင် ကျပ်(၁၅၀၀)၊ တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ချင်းပေါက် နှစ်ဆယ့်ငါးကျပ်သားလျှင် ကျပ်(၄၀၀၀)၊ ချင်းပေါက် တစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)