ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ခုနှစ် မေလတတိယပတ် ဆန်လက်ကား ဈေးကွက်ရောင်းဝယ်မှု နည်းပါးခဲ့သော်လည်း မေလ၏စတုတ္တပတ်မှစ၍ ရန်ကုန်ဆန်ဈေးအနည်းငယ်မြင့်တက်မှုကြောင့် ဒေသတွင်းထုတ်လုပ်မှုဆန် ဈေးကွက်တွင် ရောင်းဝယ်ရေး မြင့်တက်ခဲ့သည့် အနေအထားကို တွေ့ရှိရပါသည်။
ပေါ်ဆန်းမွှေး။ (၁)ပြည်ဈေးနှုန်းအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး (ဖျာပုံ)ပေါ်ဆန်းမွှေး လက်လီဈေးကွက်အတွင်း (၆၀၀၀) ကျော် ဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး ရွှေဘိုမှဝင်ရောက်လာသော ပေါ်ဆန်းမွှေးဆန် မေလတတိယပတ်ထိ လက်လီဈေးကွက်အတွင်း အနိမ့်ဈေး(၅၆၀၀)ကျပ် ရှိခဲ့သော်လည်း မေလကုန်ရက်များတွင် (၆၀၀၀) ကျော်ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ သိင်္ဂီစိန်ငါးပွင့် တံဆိပ်များတွင် (၈၀၀၀)ကျော်ဝန်းကျင် ဈေးနှုန်း ဖြစ်ပေါ်လာမှုကို တွေ့ရှိရပါသည်။
ဧည့်မထ။ ဒေသတွင်း နွေစပါးဈေးနှုန်းဖြစ်ပေါ်မှုအရ စားသုံးမှုအများဆုံးရှိနေသောမိုးဆန် ဧည့်မထအမျိုးအစားတွင် ဈေးနှုန်းအနည်းငယ်မြင့်တက်မှုကို တွေ့ရှိရပါသည်။ ရန်ကုန်ဆန် ဈေးမြင့်တက်ခဲ့မှုအနေအထားရှိခဲ့၍ ဒေသတွင်း လယ်ဝေးမြို့နယ်မှ ကြိတ်ခွဲထုတ်လုပ်သည့်ဆန်များ ရောင်းအားကောင်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရေတာရှည်မှ ဝင်ရောက်လာသောဆန်များ ရောင်းအားမြင့်တက်ခဲ့မှုရှိသည်ကို တွေ့ရှိရပါသည်။
ဒေသတွင်းစားသုံးမှုတွင် မနောသုခဆန်၊ ဗျော့ထွန်း၊ လုံးသွယ်၊ ဆင်းသုခအမျိုးအစားများ ကြိုက်နှစ်သက်မှုများနေပြီး ရေတာရှည်မှ ဝင်ရောက်သော (မှင်ဘို) ဆန်လူသုံးများခဲ့သည်ကို သိရှိရပါသည်။ ထိုင်းနှံကောက် အသစ်ထွက်ရှိမှုများ တွေ့ရှိရပြီး ထိုင်းနှံကောက် အဟောင်းဆန်များ ဈေးကွက်အတွင်း ကျန်ရှိနေသည်ကို တွေ့ရှိရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)