တောင်ငူဒေသမှ ရာသီပေါ်မျှစ်များ ရောင်းအားကောင်း

Powered by Drupal

     တောင်ငူဒေသသည် ဝါးရုံ၊ ဝါးတောများပေါများ၍ မိုးရာသီတွင် မျှစ်ပေါသောဒေသဖြစ်ပါသည်။ အရှေ့ဘက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ရိုးမတောင်ပေါ်ဒေသနှင့် အနောက်ဘက် ပဲခူးရိုးမတောင်ပေါ်ဒေသတို့မှ မျှစ်များကို တောင်ငူမြို့သို့ လာရောက်ရောင်းချကြပါသည်။

        မျှစ်ဆိုသည်မှာ ဝါးပင်ပေါက်ဖြစ်ပါသည်။ ရက်သတ္တပတ် နှစ်ပတ်မတိုင်မီ အမြင့်တစ်ပေမပြည့်မီအချိန်တွင် ခုတ်ရပါသည်။ ခပ်ကြွပ်ကြွပ်နှင့် စား၍ကောင်းသော အစားအစာတစ်မျိုးဖြစ်ပါသည်။ မျှစ်ကို ဟင်းလျာအဖြစ် အမျိုးမျိုးလုပ်စားနိုင်ကာ မျှစ်ချည်း ပေါင်းစားခြင်း၊ ပြုတ်၍ ငါးပိရည်နှင့်တို့စားခြင်း၊ ကြော်စားခြင်း၊ သုပ်စားခြင်းတို့အပြင် အသားတစ်မျိုးမျိုးနှင့်ကြော်စားခြင်း၊ မျှစ်ချဉ်နှင့် ဝက်သား သို့မဟုတ် ငါးခေါင်းနှင့် ဟင်းချိုချက်သောက်ခြင်း၊ မျှစ်ကိုအခြောက်လှမ်းပြီး သုပ်စားခြင်း၊ ဝက်သားနှင့်ချက်စားခြင်းတို့ဖြင့် စုံလင်စွာလုပ်စားနိုင်ပါသည်။

           ၂၀၂၄ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် တောင်ငူမြို့ ညောင်ပင်ဈေး၌ မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဟူ၍ နှစ်မျိုးရောင်းချပြီး မျှစ်စိမ်းမှာ  တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ မျှစ်ပြုတ်မှာ တစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ စား၍ကောင်းပြီး ဈေးနှုန်းလည်းသင့်တင့်သဖြင့် ရောင်းအားကောင်းကြောင်း မျှစ်အရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)