ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသောရုံးပတီသီး

Powered by Drupal

     ရုံးပတီသီးသည် ပန်းပွင့်သောအပင်မျိုးဖြစ်ပြီး ၎င်းမှာ နေရာအတော်များများတွင် ပေါက်ရောက်ကြပါသည်။ ရုံးပတီသီးပင်မှာ အပင်အနိမ့်အမြင့်၊ အသီးပုံသဏ္ဌာန်တို့အပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားကြပါသည်။ ရုံးပတီသီးကို အဓိကအားဖြင့် ဟင်းချက်ရာတွင်လည်းကောင်း၊ အတို့အမြှုပ်အဖြစ်လည်းကောင်း၊ အစိမ်းစား၍လည်းကောင်း စားသုံးကြပါသည်။ တချို့မှာ ရုံးပတီသီးအနုကိုအခြောက်လှမ်းပြီး ဟင်းချိုမွှေးစေရန် ထည့်သွင်းအသုံးပြုကြပြီး ရုံးပတီပင်စည်မှ လျှော်မျှင်လည်းထုတ်လုပ်ကြပါသည်။ ရုံးပတီမှာ အများအားဖြင့် အစိမ်းရောင်အတောင့်အဖြစ် အတွေ့များသော်လည်း အနီတောင့်မျိုးလည်းရှိပါသည်။ ထိုအနီတောင့်မျိုးနှင့် အစိမ်းတောင့်မျိုးသည် အရသာကွဲပြားမှုမရှိဘဲ အရောင်အားဖြင့်သာကွဲပြားပါသည်။ ဟင်းချက်သည့်အခါ အနီရောင်တောင့်သည် အစိမ်းရောင်တောင့်အဖြစ် အရောင်ပြောင်းလဲသွားပါသည်။

     ၂၀၂၄ခုနှစ်၊ ဇွန်လ၊ တတိယအပတ်အစပိုင်းတွင် ပြည်ဈေးကွက်၌ ရောင်းချသောဈေးနှုန်းများအနေဖြင့်ာ ရုံးပတီသီး (၅)တောင့်ပါ တစ်စည်းလျှင် ၂၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး အဆိုပါရုံးပတီပင်ကို ယခင်က နေအိမ်ခြံဝင်းများအတွင်း မိသားစုစားသုံးရန် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသော်လည်း ယခုအခါ ယာမြေများတွင် ချောင်းရေတင်ပြီး ရာသီမရွေး စီးပွားဖြစ်စိုက်ပျိုးလာခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)