ရှမ်းပြည်နယ်တောင်ပိုင်းမှ ဂေါ်ဖီထုပ်ဈေးကွက်

Powered by Drupal

       ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်ရှိတဲ့ဂေါ်ဖီထုပ်တွေဟာ သင်္ကြန်ကာလ မတိုင်မှီက ဂေါ်ဖီထုပ် တစ်ထုပ်ကို (၄၀၀)ကျပ်သာ ပေါက်ဈေးရှိခဲ့ရာက ဇွန်လအတွင်းမှာတော့ အထုပ်အကြီးအသေးပေါ်မူတည်ပြီး အများဆုံး ဂေါ်ဖီတစ်ထုပ်ကို (၄၀၀၀)ကျပ်အထိ ပေါက်ဈေးရှိနေတယ်လို့ ဆိုပါတယ်။ဈေးကွက်ထဲ ဂေါ်ဖီထုပ်တွေဟာ ၁၀ဆကျော် ဈေးတက်လာပြီး ပစ္စည်းရှားပါးနေတာကြောင့် စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ ပွဲရုံနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါ တယ်။ ဈေးကွက်ထဲမှာ တစ်ထောင်ကျော်နှစ်ထောင်တန် တွေလည်း ရှိပါတယ်။ဒါပေမယ့် အဲဒီဂေါ်ဖီထုပ် ၅ထုပ်က အထုပ်ကြီးတစ်ထုပ်စာတောင်မရဘူး၊ စားသောက်ဆိုင်တွေ ဆိုတာက အကင်ဆိုင်ဖြစ်ဖြစ်၊ အထောင်းဆိုင်ဖြစ်ဖြစ် ထမင်းဆိုင်ဖြစ်ဖြစ် ဂေါ်ဖီထုပ်က အသက်ပဲလေနော်။ယခုအခါဂေါ်ဖီထုပ်ဈေး မြင့်တက်သည့်အတွက် တခြားအစားထိုး ဘာမှမထည့်ပဲနဲ့ လည်ပတ်နိုင်အောင် စီစဉ်နေရတယ်လို့ တောင်ကြီး တက္ကသိုလ်အနီး စားသောက်ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးကပြောပါတယ်။

          နိုင်ငံတစ်ဝှမ်း စားသောက်ဆိုင်တွေမှာ ဂေါ်ဖီထုပ်ကို အကြော်အလှော်၊ အထောင်း၊ အသုပ်၊ အတို့မြုပ်  စတဲ့နေရာစုံမှာ အသုံးပြုနေကြသည့်အပြင် အိမ်ရှင်မအများစုအတွက်လည်း အရံဟင်း၊ အဓိက ဟင်းလျာ တွေမှာ အသုံးပြုနေကြတာကြောင့် အခက်ကြုံနေရပါသည်။ လတ်တလောမှာတော့ ဂေါ်ဖီထုပ်တွေ စံချိန်တင် ဈေးတက်နေပေမယ့်  ရှမ်းတောင်ဒေသအတွင်းမှာတော့ ရောင်းမလောက်အောင်ဖြစ်နေပြီး တချို့ပွဲရုံတွေမှာ လည်း ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ ရှမ်းတောင်ဒေသမှာ ဇွန်လပထမပတ်ထဲကတည်းက မိုးဆက် တိုက်ရွာသွန်းတာကြောင့် ဂေါ်ဖီထုပ်စိုက်ခင်းတွေ ပျက်စီးပြီး ဈေးကွက်ပစ္စည်းရှားပါးလာတာကြောင့် ဈေးတက်ရတာပါလို့ ဆိုပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရွာငံ၊ ပင်းတယ၊ ကလော၊ ပင်လောင်းစတဲ့ ဒေသတွေမှာ ဂေါ်ဖီထုပ်ကို စိုက်ပျိုးကြပြီး လက်ရှိဈေးကောင်းရနေပေမယ့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ လုပ်သားခတွေ ၃ဆခန့် ဈေးတက်နေသည့်အပြင် မိုးသည်းထန်စွာ ရွာသွန်းပြီးစိုက်ခင်းတွေ ပျက်စီးကုန် တာကြောင့် တောင်သူတွေအနေနဲ့ အမြတ်နည်းပါးတယ်လို့ အင်တာနက်သတင်းဌာနမှတစ်ဆင့်သိရတယ်။

DOCA(ရှမ်း)