ပြည်တွင်းဆီထွက်သီးနှံများ ဖူလုံရေးတိုးချဲ့စိုက်ပျိုးပေး

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်သည် မဲဇလီရေလွှဲဆည်မှ တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးနှစ်သွယ်သို့ ဆည်ရေများပို့လွှတ်ပြီး ၎င်းမြောင်းမကြီး နှစ်ခုမှ မြောင်းလက်တံများသို့ ခွဲဝေဖြန့်ဖြူးသော ဆည်ရေများဖြင့် စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်ကြပါသည်။

     မကွေးတိုင်းဒေသကြီးအတွင်းတွင် ဆီထွက်သီးနှံများ ထုတ်လုပ်မှုတိုးတက်မြင့်မားရေး အတွက် အထူးဇုန်များ သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစ၍ မကွေးဇုန်(၁)နှင့် မကွေးဇုန်(၂)အဖြစ်ခရိုင်(၃)ခု၊ မြို့နယ်(၉)မြို့နယ်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုပံ့ပိုးခြင်းကို အထူးဇုန်ဧရိယာများတွင် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ထုတ်လုပ်မှုတိုးတက်မြင့်မားရေး အထူးဇုန်ဧရိယာများတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လျာထားဧကများမှာ သွင်းအားစုပံ့ပိုးခြင်းအနေဖြင့် မြေပဲသီးနှံ တစ်ဧကလျှင် ကျပ်(၃၀၀၀၀၀)ဖြင့် စိုက်ဧက(၃၅၇၀)ဧက၊ နှမ်းသီးနှံတစ်ဧကလျှင် ကျပ်(၁၅၀၀၀၀)ဖြင့် စိုက်ဧက(၆၁၀၇၆)ဧက၊ နေကြာသီးနှံတစ်ဧကလျှင် ကျပ်(၂၀၀၀၀၀)ဖြင့် စိုက်ဧက(၁၃၆၈၉)ဧကဖြင့် ပွင့်ဖြူမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံ အထူးဇုန်လျာထားဧက စုစု ပေါင်း(၇၈၃၃၅)ဧကနှင့် ကျပ်(၁၂၉၇၀.၂၀၀)သန်း လျာထားထားပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

     ပွင့်ဖြူမြို့နယ်အနေဖြင့် ပြည်ပမှတင်သွင်းရသည့် စားအုန်းဆီသုံးစွဲမှုကိုလျော့ချပြီး ကျန်းမာရေး နှင့်ညီညွတ်သည့် ဒေသထွက်ဆီများ စားသုံးသူများသုံးစွဲနိုင်ရန် ပြည်တွင်းဆီထွက်သီးနှံများကို တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)