ပခုက္ကူမြို့နယ်ထွက် ရာသီပေါ်သရက်သီးများ ဈေးကွက်၌ အရောင်းအဝယ်ဖြစ်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး နှစ်ရှည်ပင်ဖြစ်သော သရက်သီးနှံကိုလည်း ဥယျာဉ်ခြံမြေများ၊ အိမ်ဝန်းအတွင်းရှိ စည်းရိုးတန်းများ၊ လယ်ယာမြေကွက်များတွင် အများဆုံးစိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် အစေ့မှတစ်ဆင့် ရရှိသောပျိုးပင်နှင့် ခေတ်မီနည်းစနစ်ဖြင့် ကိုင်းကူး၍ရရှိသောပျိုးပင်ကို စိုက်ပျိုးကြသည်။ တောင်သူများအနေဖြင့် ရှေးယခင်က မျိုးစေ့ပျိုး၍ရသောအပင်ကို စိုက်ပျိုးမှုများခဲ့သော်လည်း သရက်ပင်မှာ အသီးရရှိရန် (၈)နှစ်ခန့်ကြာမြင့်ခြင်းကြောင့် ယခုအခါတွင် စိုက်ပင်သက်တမ်း (၃)နှစ်အကြာ၌ အသီးရရှိသော ကိုင်းကူးပျိုးပင်များကိုသာအများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုသရက်သီးမှာ အထွက်နှုန်းကောင်း၍ အလုံးလှသည့်အပြင် စိုက်ပျိုးပြုပြင်ကုန်ကျစရိတ်လည်းသက်သာသောကြောင့် ကိုင်းကူးသရက်ပင်ကို ယခုအချိန်တွင် တောင်သူအများ ဒေသစီးပွားဖြစ်စိုက်ပျိုးမှုများကြောင်း၊ ဒေသတွင်းဝယ်ယူစားသုံးမှုများသော စိန်တလုံးနှင့် မီးချိတ်သရက်သီးမျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ သရက်တစ်ပင်လျှင် စိုက်ပင်သက်တမ်းနှင့် သရက်ပင်ကြီးထွားမှုအပေါ်မူတည်ပြီး သရက်သီးအလုံးရေ (၅၀၀မှ၃၀၀)ထွက်ရှိကြောင်း ဒေသခံတောင်သူထံမှသိရှိရသည်။

          ဒေသတွင်းဈေးကွက်အနေဖြင့် ယခုသရက်သီးများ လှိုင်လှိုင်ပေါ်လျက်ရှိပြီး ဒေသတွင်းဈေးကွက်၌ စိန်တလုံးသရက်သီးပေါ်စတွင် အလုံးအကြီးအသေးလိုက်၍ တစ်လုံးလျှင် ကျပ်(၅၀၀-၃၀၀)၊ ယခုလှိုင်လှိုင်ပေါ်ချိန်တွင် ကျပ်(၃၀၀)ဈေးနှုန်းဖြင့်အရောင်းအဝယ်ဖြစ်နေပြီး၊ မီးချိတ်သရက်သီးတစ်လုံးလျှင် ကျပ်(၃၀၀-၂၀၀-၁၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် အသီးတင်မှုနည်းပြီး အလုံးအရွယ်အစားသေးငယ်သော်လည်း ယခင်နှစ်ထက် ဈေးကောင်းရရှိ၍ သရက်ပင်စိုက်တောင်သူများ မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)