![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/199_2.jpg?itok=Efx-F_YT)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်တွင် စားဖိုဆောင်သီးနှံ ကြက်သွန်နီဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် ကြက်သွန်နီ အမြင့်ဈေး တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၉၀၀)၊ အလတ်စ ကျပ်(၁၈၀၀)၊ အသေးစ ကျပ်(၁၆၀၀)ဈေးနှုန်းရှိခဲ့ပြီး ယခင်ဇွန်လ(ပထမပတ်)တွင် အမြင့်ဈေး ကျပ်(၁၈၀၀)၊ အလတ်စ ကျပ် (၁၇၀၀)၊ အသေးစ ကျပ်(၁၅၀၀)ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်အပတ်ကာလတူနှင့်နှိုင်းယှဉ်ကြည့်ပါက ထိပ်စ၊ အလတ်စနှင့် အသေးစမှာ တစ်ပိဿာလျှင် ကျပ်(၁၀၀)ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။
မြို့ပေါ်ရှိကုန်စည်ဒိုင်ဈေးကွက်သို့ နယ်မြေအခြေအနေအရ နေ့စဉ်ကုန်ဝင်ရောက်မှုမရှိသော်လည်း ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နေ့စဉ်ကုန်ချိန်ပိဿာ(၁၅၀၀၀)ခန့်ဝင်ရောက်လျက်ရှိကြောင်း၊ ဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီစိုက်ပျိုးမှုများသော ဆိပ်ဖြူမြို့၊ ရွာသစ်အနောက်ပိုင်းရပ်ကွက်၊ ကပိုင်၊ ကံတွင်းကျေးရွာများနှင့် စလင်း၊ ပွင့်ဖြူမြို့များမှ ဝင်ရောက်လျက်ရှိကြောင်း၊ ပြည်ပအဝယ်အနည်းငယ်လိုက်၍ ဈေးနှုန်းပြန်လည်မြင့်တက်နေကြောင်း၊ တောင်သူများမှာ ကြက်သွန်ဈေးတက်ရန်မျှော်လင့်နေကြပြီး ထွက်ကုန်ကို ထိန်းချုပ်ရောင်းချခြင်းဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းကြောင်း သိရှိရသည်။
ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ အဓိကတင်ပို့လျက်ရှိပြီး မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့လည်း ကုန်ချိန်အနည်းငယ်တင်ပို့လျက်ရှိကြောင်း၊ ယခုဇွန်လ(ဒုတိယပတ်)တွင် ကြက်သွန်နီကုန်ချိန်ပိဿာ(၁)သိန်းခွဲ၊ တန်ချိန်အားဖြင့် (၂၄၅)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)