ပေါက်မြို့ စည်ပင်သာယာဈေး၌ ကုန်စိမ်းသီးနှံများ အတက်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့စည်ပင်သာယာဈေးတွင် စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသော ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုတ်သီးစိမ်း စသည့်ကုန်စိမ်းသီးနှံများဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကုန်စိမ်းသီးနှံများကို နှစ်စဉ်စိုက်ပျိုးပြီး ဒေသတွင်းဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသော်လည်း ယခုအချိန်တွင် နယ်မြေအခြေအနေအရ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိသောကြောင့် ဈေးကွက်အတွင်းသို့ ကုန်စိမ်းသီးနှံများဝင်ရောက်မှုနည်းလာသည့်အတွက်အတက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။

      ၂၀၂၄ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် ဈေးနှုန်းဈေးကွက်အနေဖြင့် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဇွန်လ(ပထမပတ်)တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စိမ်းသီးနှံဈေးနှုန်းများမှာ တရိပ်ရိပ်မြင့်တက်လျက်ရှိကြောင်း ပေါက်မြို့ စည်ပင်သာယာဈေးအတွင်းရှိ ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)