ပခုက္ကူမြို့ သကြားပြောင်းဖူးဈေးကွက်မြင့်တက်

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့ သကြားပြောင်းဖူးများနေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ သကြားပြောင်းဖူးကို တစ်နှစ်ပတ်လုံး ရာသီအလိုက်စိုက်ပျိုးလျက်ရှိပြီး ဈေးကွက်၌ အချိန်မရွေးဝယ်ယူစားသုံးမှု ရလျက်ရှိသည်။ ဈေးကွက်သို့ စိုက်ပျိုးမှုများသော ပခုက္ကူကျွန်းရွာများ၊ မြစ်ခြေ၊ ကမ္မမြို့များနှင့် မန္တလေးတိုင်းအတွင်းရှိ ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသနှင့် ညောင်ဦး မြို့နယ်အတွင်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက်ကြောင်း၊ ယခုနွေဦးရာသီတွင် ရာသီဥတုပူပြင်း၍ ပြောင်းဖူးစိုက်ခင်း များဖြစ်ထွန်းအောင်မြင်မှုနည်း၍ အထွက်နည်းခြင်းကြောင့် ယခုဇွန်လ(တတိယပတ်)တွင် ပြောင်းဖူးများဝင်ရောက်မှုနည်း၍ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

   ပြောင်းဖူးဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် သကြားပြောင်းဖူး တစ်ဖူးလျှင် အရွယ်အစားနှင့် အရည်အသွေးလိုက်၍ ကျပ်(၇၀၀-၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင် မေလ(တတိယ)ပတ်တွင် သကြားပြောင်းဖူးတစ်ဖူးလျှင် ကျပ်(၄၀၀-၃၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ပြောင်းဖူးတစ်ဖူး ကျပ်(၃၀၀)ခန့်ဈေးတက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ စားသုံးသူများအနေဖြင့် ပြောင်းဖူးဈေးနှုန်းမြင့်တက်လာသော်လည်း ကျန်းမာရေးအထောက်အကူဖြစ်စေသည့် သကြားပြောင်းဖူးကို ဝယ်ယူစားသုံးမှုများ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံ ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)