မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ၂၀၂၄ခုနှစ်၊ ဇွန်လ(တတိယပတ်) တွင် မြေပဲဆံဈေးနှုန်းများမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့သည် စီးပွားရေးဈေးကွက်အချက်အချာကျသောမြို့ဖြစ်ပြီး စီးပွားရေးလုပ်ငန်းအနေဖြင့် နိုင်ငံတော်အတွက် အရေးကြီးကုန်စည်တစ်မျိုးဖြစ်သည့် မြေပဲဆီသန့်ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်းအမြို့မြို့အနယ်နယ်သို့ တင်ပို့ဖြန့်ဖြူးလျက်ရှိသည်။ ပခုက္ကူဈေးကွက်သို့ မြေပဲသီးနှံအဓိကစိုက်ပျိုးသော ပခုက္ကူကျွန်းရွာများ၊ ယောနယ်ဒေသများမှ မြိုင်မြို့နယ်အတွင်းရှိကျေးရွာများမှ ဝင်ရောက်မှုများကြောင်း၊ ယခုအချိန်၌ တောင်သူများတွင် မြေပဲလက်ကျန်လျော့နည်းနေပြီဖြစ်၍ မြို့ပေါ်ရှိကုန်သည်ဝယ်လက်များမှ ဝယ်ယူထားရှိသောမြေပဲများကိုကြိတ်ခွဲပြီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
မြေပဲဈေးကွက်အနေဖြင့် ဇွန်လ(တတိယပတ်)တွင် ပင်ပြန့်မြေပဲလုံးဆံနီ(ရှယ်) တစ်ပိဿာ လျှင် ကျပ်(၇၅၀၀-၇၄၀၀)၊ ရိုးရိုးလုံးဆံ တစ်ပိဿာလျှင် ကျပ်(၇၂၀၀-၇၀၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၆၈၀၀)၊ ပင်ပြန့်မြေပဲ လုံးဆံသေး(အဖြူ) တစ်ပိဿာလျှင် ကျပ်(၇၃၀၀-၇၀၀၀)၊ ဆီဆံ တစ်ပိဿာ လျှင် ကျပ်(၆၅၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ယခင်မေလ(တတိယပတ်) တွင် မြေပဲလုံးဆံ(နီ)တစ်ပိဿာလျှင် မြေပဲဆံအရည်အသွေးလိုက်၍ ကျပ်(၇၀၀၀-၆၃၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၅၀၀၀-၄၉၀၀)၊ မြေပဲလုံးဆံ(ဖြူ) တစ်ပိဿာလျှင် ကျပ်(၆၉၀၀-၆၅၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၄၉၀၀-၄၈၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ တစ်လအတွင်း မြေပဲဆံတစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
မြေပဲဈေးကွက်သို့ ဇွန်လ(တတိယပတ်)တွင် တစ်ရက်လျှင် မြေပဲဆံအိတ်(၃၅၀)၊ မြေပဲဆံပိဿာ(၈၄၀၀)၊ တစ်ပတ်အတွင်း မြေပဲဆံအိတ်အရေအတွက် (၂၄၅၀)အိတ်၊ မြေပဲဆံပိဿာ (၆၀၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ စားသောက်ကုန်မျိုးစုံလုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ဒေသတွင်းမြေပဲလက်ကျန်နည်း၍ ပြည်ပနိုင်ငံများသို့ တင်ပို့မှုမရှိကြောင်း ပခုက္ကူမြို့ပေါ်ရှိ မြေပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)