ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ယခုနှစ်ပန်းတိမ်ငိုပန်းစိုက်တောင်သူ (၁၀)ဦးကျော်ရှိပြီး စိုင်ဧက(၂၀)ခန့်ရှိကြောင်းသိရှိရပါသည်။ ပန်းတိမ်ငိုပန်းများကို နှစ်စဉ်ဧပြီလတွင် စတင်စိုက်ပျိုးပြီး ဇွန်လမှ နိုဝင်ဘာလအထိခူးယူရောင်းချကြပါသည်။ ပန်းတိမ်ငိုပန်းတစ်ပင်ကို ပေါ်ဦးပေါ်ဖျားတွင် (၇၀၀)ကျပ်မှ (၁၀၀၀)ကျပ်ထိရောင်းချရပြီး ယခုကာလ၌ တစ်ပင်လျှင် (၅၀၀)ကျပ်မှ (၇၀၀)ကျပ်ထိရောင်းချကြသည့်အတွက် ယခုနှစ်အတွင်း ပန်းထိမ်ငိုစိုက်တောင်သူများအနေဖြင့် ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရရှိလျက်ရှိပါသည်။ မြေတစ်ဧကလျှင် ပန်းတိမ်ငိုပန်းပင်တစ်သိန်းကျော်ထိစိုက်ပျိုးနိုင်ပြီး ရောင်းတန်းဝင်သောအပင်ကိုးသောင်းကျော်ရရှိပါသည်။
တာချီလိတ်မြို့နယ်အတွင်း ထွက်ရှိသောပန်းတိမ်ငိုပန်းများကို တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်များတွင်သာမက ထိုင်းနိုင်ငံသို့ တစ်နိုင်တစ်ပိုင်တင်ပို့ရောင်းချကြပါသည်။ ပန်းတိမ်ငိုပန်းသည် ဘုရားပန်းထိုးရာတွင်ဖြစ်စေ၊ ပန်းအလှဆင်ရာတွင်ဖြစ်စေ ကြာရှည်အထားခံသောကြောင့် ဝယ်ယူအသုံးပြုသူများနှစ်သက်ကြပါသည်။ ထိုကြောင့် ပန်းတိမ်ငိုဝယ်ယူသုံးစွဲသောသူများသည် အကြိုက်တွေ့နေပြီး စိုက်ပျိုးထုတ်လုပ်သောတောင်သူများ စီးပွားရေးအဆင်ပြေကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)