ဈေးကွက်တွင် အရောင်းသွက်နေသောသံပရာသီး

Powered by Drupal

      ဖျာပုံခရိုင်၊ ဖျာပုံမြို့ပေါ်ရှိ ဈေးများတွင် မိုးဦးကျရာသီ၌ သံပရာသီးများ လှိုင်လှိုင်ပေါများလျက်ရှိပြီး လက်လီဈေးနှုန်းမှာ အသေးဆိုဒ် ၁လုံးလျှင် (၅၀) ကျပ်၊ အလတ်ဆိုဒ် ၁လုံးလျှင် (၇၅) ကျပ်နှင့် အကြီးဆိုဒ် ၁လုံးလျှင် (၁၀၀) ကျပ်  လက်ကားဈေးနှုန်းမှာ ပိုမိုဈေးချိုသာကြောင်း ဈေးကွက်အတွင်းမှသိရှိရပါသည်။ ၎င်းသံပရာသီးများမှာ ဖျာပုံမြို့၊ ရှမ်းကွင်းကြီးကျေးရွာ၊ ကျုံတာကျေးရွာ၊ ဖျာပုံမြို့တစ်ဖက်ကမ်းရှိ ဒေးဒရဲမြို့နယ်၊ မိချောင်းအိုင်ကျေးရွာနှင့် ဒေါင့်ကြီးကျေးရွာတို့မှထွက်ရှိပြီး သံပရာစိုက်တောင်သူများအနေဖြင့် တစ်ဦးလျှင် သံပရာပင်တစ်ဧကခန့်ရှိကြောင်း၊ သံပရာပင်များမှာ မာလကာပင်များကြားတွင်ညှပ်၍ စိုက်ပျိုးလျှင်လည်း အပင်များဖြစ်ထွန်းကြောင်း သံပရာစိုက်တောင်သူတစ်ဦးကပြောကြားခဲ့ပါသည်။

         သံပရာသီးများ လှိုင်လှိုင်ထွက်ရှိသည့်အချိန်တွင် ရန်ကုန်တိုင်းအတွင်းရှိ ဖျော်ရည်ထုတ်လုပ်သည့် လုပ်ငန်းရှင်များက သံပုရာခြံများသို့ကွင်းဆင်း၍ ဝယ်ယူလေ့ရှိကြောင်း၊ ထိုသို့ဝယ်ယူသည့်အချိန်တွင် အရောင်းအဝယ်ပိုမိုဖြစ်ထွန်းကြောင်းသိရှိရပါသည်။ ဖျာပုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော “သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ” ရက်တိုသင်တန်းတွင်လည်း သံပရာသီးမှ  သံပုရာဖျော်ရည်ဆီထုတ်လုပ်သည့် နည်းပညာအားလည်း ထည့်သွင်းသင်ကြားပေးကြောင်း အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးကပြောကြားခဲ့ပါသည်။ သံပရာသီးမှာ အခွံ၊ အစေ့၊ အရည်မှစ၍ ဆေးဘက်ဝင်သည့်သီးနှံဖြစ်ကြောင်း၊ သံပရာပင်များ တစ်ဧကခန့်စိုက်ပျိုးထားသည့် တောင်သူများအနေဖြင့် နှစ်စဉ် ပေါက်ဈေးနှုန်းအလိုက် ဝင်ငွေတိုးတက်မြင့်မားပြီး စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိူးဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)