ရာသီပေါ်သီးနှံ ရသာမွန် သရက်ပျဉ်ဈေးကွက်ရရှိမှု အလားအလာကောင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထနီး၊ သုံးဂွ၊ ကျောင်းရွာနှင့် သုံကြိုင်ကျေးရွာအုပ်စုတို့သည် တိုးမြစ်ကမ်းဘေးတွင်တည်ရှိပြီး သရက်ပင်၊ ငှက်ပျောပင်နှင့် သင်္ဘောပင်များအောင်မြင်ဖြစ်ထွန်းသော ကျေးရွာများဖြစ်ကြသည်။ မအူပင်ခရိုင်အနေဖြင့် မြို့နယ် ၄မြို့နယ်ရှိပြီး၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များတွင်  သရက်ပင်စိုက်ပျိုးမှုလည်းရှိပါသည်။        

      မအူပင်ခရိုင်၏ သရက်စိုက်ပျိုးမှုအနေဖြင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မအူပင်ခရိုင်စိုက်ဧက (၁၂၂၄၂)ဧက၊ ခူးစွပ်ရိတ်ဧက (၅၁၀၅)၊ အထွက်နှုန်းအနေဖြင့် (၄၀၅၇.၆၆)လုံး၊ အလုံးရေထွက်ရှိမှုစုစုပေါင်း (၂၀၇၁၄၃၆၄)ထွက်ရှိကြောင်း မြေစာရင်းဌာန၏ စာရင်းများအရသိရသည်။

      သရက်ပျဉ်အစားအစာသည် ရာသီစာတစ်ခုဖြစ်ပြီး မြန်မာလူမျိုးတို့နှစ်သက်စွဲလမ်းသော အစားအစာတစ်ခုဖြစ်ပါသည်။ သရက်ပျဉ်အများဆုံးပြုလုပ်သူအများဆုံးဖြစ်သည့် သုံကြိုင်ကျေးရွာတွင် သရက်ပျဉ်ပြုလုပ်ရောင်းချသူ (၁၁၀) ဦးခန့်ရှိပြီး သရက်ပျဉ်ထုတ်လုပ်သူများ စုပေါင်းဖွဲ့စည်း၍ ရသာမွန်သရက်ပျဉ်လုပ်ငန်းစုဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

        သရက်ပျဉ်လုပ်ငန်းရှင် ဦးစိန်ဝင်းနှင့်တွေ့ဆုံစဉ် သရက်သီးမှည့်ချိန် မေလ၊ ဇွန်၊ ဇူလိုင်လများတွင် သရက်သီးတစ်လုံးလျှင် ၁၀၀/ကျပ်နှင့် ၁၅၀/-ကျပ်နှုန်းဖြင့်ဝယ်ရပြီး သရက်သီးမှည့်များကိုအခွံခွာ၍ ဒန်အိုးထဲသို့ခြစ်ချပြီး နာရီဝက်ခန့်ကျိုချက်ပြီး ငှက်ပျောရွက်များတွင်ဖြန့်ခင်း၍ နေသာလျှင် လှမ်းပြီး၊ မိုးရွာလျှင် မီးကင်အပူပေးရကြောင်း၊ သရက်သီးအလုံး ၁၀၀ကိုကျိုချက်၍ လှမ်းပြီးနောက် သရက်ပျဉ် (၃) ပိဿာရရှိကြောင်း၊ သရက်ပျဉ်တစ်ပိဿာလျှင် ၈၀၀၀/-ကျပ်ဈေးဖြင့် အရောင်းအဝယ်တွင်ကျယ်လျက်ရှိပြီး သရက်သီးအလုံး၁၀၀ကျိုချက်လှန်းပြီး သရက်ပျဉ်ရောင်းချပါက ၉၀၀၀/-ကျပ်အကျိုးအမြတ်ရရှိကြောင်းနှင့် ရာသီချိန်တွင် သရက်ပျဉ်လုပ်ငန်းကို တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိကြောင်း၊ အိမ်ခြံများတွင် စိုက်ပျိုးသရက်များကိုသာဝယ်ယူ၍ သရက်ပျဉ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေကြောင်းသိရသည်။

          သရက်ပျဉ်ဈေးကွက်အနေဖြင့် မအူပင်၊ တွံတေး၊ ရန်ကုန်များမှဝယ်လက်များ လာရောက်ဝယ်ယူလျက်ရှိပြီး ဈေးကွက်ရရှိလျက်ရှိပါသည်။

       ရာသီစာသရက်ပျဉ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြုပ်နှံမှုနည်းပညာလိုအပ်ချက်များကို ဖြည့်ဆည်းလုပ်ကိုင်ပေးပါက သရက်ပျဉ်ဈေးကွက် ပိုမိုအလားအလာကောင်းများ ရရှိလာမည်ဟု သရက်ပျဉ်လုပ်ငန်းရှင်တစ်ဦးက ထပ်မံပြောပြခဲ့ပါသည်။ မအူပင်မြို့နယ်အတွင်းမှ သရက်ပင်များရှိသည့် နေရာများအရောက် ကိုယ်တိုင်လိုက်ခူး၍ လက်ကားလိုက်လံဝယ်ယူသူများလည်းရှိသည့်အပြင် ကိုယ်တိုင်ခူး၍ ဈေးကွက်အတွင်း ကိုယ်တိုင်ရောင်းချမှုများလည်းရှိသည်။ မအူပင်မြို့နယ်တွင် မန္တလေးရင်ကွဲသရက်သီးပင်များပေါက်ရောက်လေ့ရှိပြီး သရက်သီးမှည့်ပေါ်ချိန်တွင် ဈေးကွက်အသီးသီးသို့ တင်ပို့ရောင်းချမှုများရှိပြီး သရက်သီးမှည့်ပေါများချိန်များတွင် တစ်နိုင်တစ်ပိုင် သရက်ပျဉ်လုပ်ငန်းကို ထနီး၊ သုံးဂွကျောင်းရွာနှင့် သုံကြိုင်ကျေးရွာအုပ်စုတို့ဘက်တွင် လုပ်ကိုင်ဆောင်ရွက်ကြသူများလည်းရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)