နွေနှမ်းစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံ (ဦးစီးမှူး) ဦးဆန်းလင်းမောင်သည် (၂၀.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် စေရေးအတွက် မိုးဝန်းကျေးရွာ နွေနှမ်းစိုက်တောင်သူ ဦးသိန်းဆွေနှင့် တွေ့ဆုံပြီး နွေနှမ်းစိုက်ပျိုး ထွက်ရှိမှုအခြေအနေအား ကွင်းဆင်းဆွေးနွေးခဲ့ရာ မိုးဝန်းကျေးရွာရှိ တောင်သူများသည် နှစ်စဉ် မိုးစပါး၊ ကုလားပဲနှင့် နွေနှမ်းတို့ကို စိုက်ပျိုးကြရာ ၎င်းတောင်သူအနေဖြင့် ယခုနှစ်တွင် နွေနှမ်း (ဂျပန်ဖြူ) (၃)ဧကစိုက်ပျိုးကြောင်း၊ မတ်လအလယ်တွင် စိုက်ပျိုးကြပြီး ဇွန်လ တတိယပတ်တွင် ရိတ်သိမ်းကြကာ အထွက်နှုန်း (၁)ဧကပျမ်းမျှ (၈)တင်းခန့် ထွက်ရှိပြီး မျိုးထွန် ယက်စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်အားခအပါအဝင် တစ်ဧက ကုန်ကျစရိတ်မှာ ကျပ်(၈)သိန်း ခန့်ရှိ၍ ယခုပေါက်ဈေး ဂျပန်ဖြူနှမ်း တစ်တင်းလျှင် ကျပ်(၁၃၅၀၀၀)ရရှိ၍ အကျိုးအမြတ်မှာ ကျပ် (၂၈၀၀၀၀) ရရှိကြောင်း သိရပါသည်။

        မိုးဝန်းကျေးရွာတွင် နွေနှမ်းစိုက်ပျိုးချိန်မိုးရွာသွန်းမှုနည်းပါး၍ မြေအောက်ရေကို သုံးစွဲရသော ကြောင့် ယခုနှစ် နှမ်းအထွက်နှုန်းမှာ အသင့်အတင့်သာရှိခဲ့ကြောင်း မြေအနေအထားကွာခြားခြင်း၊ စိုက်ပျိုးပြီး အပင်ပြုပြင်မှုကွာခြားခြင်း၊ သွင်းအားစု သုံးစွဲပုံကွာခြားမှုတို့ကြောင့် နွေနှမ်း တစ်ဧက စိုက်ပျိုးလျှင် အထွက်နှုန်းမှာ (၈.၁၀)တင်းထိ ကွဲပြားထွက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် မိုးဝန်းကျေးရွာရှိ တောင်သူများသည် ယခင်နှစ်က နှမ်းဖြူ တစ်တင်းလျှင် ကျပ်(၉၅၀၀၀)ထိသာ အမြင့်ဈေးရရှိခဲ့သော်လည်း ယခုနှစ်တွင် သီးနှံပေါ်ချိန် ကျပ်(၁၃၅၀၀၀) ရရှိကြောင်းသိရသည်။

        တောင်သူများသည် ထွက်ရှိသည့် နှမ်းများကို မျိုးနှင့် ဆီကြိတ်ခွဲစားသုံးရန် ချန်ထားပြီး ကျန်ရှိသည့် နှမ်းများကို မြို့ပေါ်ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး ယခုနှစ်တွင် အထွက်နှုန်းနည်း သော်လည်း ဈေးနှုန်းရရှိမှုတို့ကြောင့် မိုးဝန်းကျေးရွာရှိ နွေနှမ်းစိုက်တောင်သူများ အဆင်ပြေလျက် ရှိကြောင်း နွေနှမ်းစိုက်တောင်သူ ဦးသိန်းဆွေထံမှ သိရပါသည်။

DOCA(မကွေး)