မကွေးတိုင်းဒေသကြီးမှ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ

Powered by Drupal

          နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်တွင်းစီးပွားရေးကို အားပေးဆောင်ရွက်ခြင်းသည် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME) စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ဒေသထုတ်ကုန်များမှသည် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးမှုမှ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ မကွေးတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း (၂၅)မြို့နယ်ရှိပြီး အသေးစား၊ အငယ်စား၊ အလတ်စား (MSME)လုပ်ငန်းများ အနေဖြင့် လုပ်ငန်း မှတ်ပုံတင် ထားရှိပြီး လုပ်ငန်းများနှင့်မှတ်ပုံမတင်ထားရသေးသော တစ်ပိုင်တစ်နိုင် လုပ်ငန်းများစွာ ရှိရာ (MSME)လုပ်ငန်းများအနေဖြင့် စားသောက်ကုန်လုပ်ငန်း၊ လက်မှုပညာလုပ်ငန်း၊ စက်မှုလုပ်ငန်း အစရှိသဖြင့် လုပ်ငန်းများစွာ ရှိပါသည်။ နိုင်ငံတော်၏ အားပေးမြှင့်တင်မှုနှင့်အတူ စက်မှုလက်မှု လုပ်ငန်းများလည်း များစွာ အောင်မြင်မှုရရှိလျက်ရှိပါသည်။

          စားသောက်ကုန်လုပ်ငန်းများအနေဖြင့် ရာသီအလိုက်ဒေသထွက် ကုန်ကြမ်းများကို အသုံး ပြုပြီး လတ်ဆတ်ခြင်း၊ တာရှည်ခံဆေးဝါးများအသုံးမပြုခြင်း၊ ကျန်းမာရေးထောက်ခံချက်များ ပါရှိ ခြင်းတို့ကြောင့် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်သည်။ ထို့ပြင် ပြည်တွင်းထုတ်ကုန်များဖြစ်သဖြင့် ပြည်ပသွင်းကုန်အစားထိုးဖြစ်၍ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်သည်။ ဒေသထွက် စားသောက်ကုန်လုပ်ငန်းများမှာ ပဲယို၊ နှမ်းယို၊ ဆီးယို၊ သဘာဝမန်ကျည်းဖျော်ရည်၊ ဆီးဖျော်ရည်၊ ဇီးဖြူသီးဖျော်ရည်၊ အုန်းမှန်ကူ၊ ပဲချောင်း၊ ပဲခွေ၊ အာလူးကြော်၊ ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူ ကြော်၊ နှမ်းလှော်၊ မန်ကျည်းတော်ဖီ၊ ဆီးတော်ဖီ၊ မန်ကျည်းပလိပ်၊ ပါပလာ၊ နို့မလိုင်ခဲ၊ ကြက်ဥမရွေး၊ မြေပဲဆားလှော်၊ မြေပဲကြက်ဥ၊ ပဲကြီးကြော်၊ စားတော်ပဲကြော်၊ ကုလားပဲလုံးကြော်/လှော်၊ ပဲကြီး လှော်၊ ပြောင်းဖူးပွကြော်နှင့် ပဲ/ဆန်မှုန့်၊ အသီးအနှံများဖြင့်ပြုလုပ်သော ကိတ်မုန့်၊ ပေါင်မုန့်မျိုးစုံ လုပ်ငန်းများ ဖြစ်ကြသည်။

          လက်မှုပညာလုပ်ငန်းများအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသော ကုန်ကြမ်းများဖြင့် သစ်သား ၊ ဝါး၊ ထန်းပင်အစရှိသည်တို့မှ အချောထည်ပြုလုပ်ခြင်းဖြစ်သည်။ သစ်သားမှပြုလုပ်သော အချောထည် များမှာ ဘုရားပုလ္လင်၊ စတီခုံများ၊ ဘီရို၊ တန်းလျား၊ ကုတင်၊ မှန်တင်ခုံ၊ ဆီဆုံနှင့် မီးဖိုချောင်အသုံး အဆောင်ပစ္စည်းအမျိုးမျိုး သစ်သားပန်းကန်ပြား၊ ရေခွက်၊ ဇွန်း၊ ငရုတ်ဆုံ၊ ငရုတ်ကျည်ပွေ့၊ စင်တီတုံး ၊ ခေါင်ညှပ်/ဂွင်းထိုးခုံဖိနပ် အရွယ်အစားမျိုးစုံ ဖြစ်ကြသည်။ ဝါးဖြင့်ပြုလုပ်သောအချောထည် အသုံး အဆောင်ပစ္စည်းများမှာ လူနေအိမ်နှင့်ပစ္စည်းသိုလှောင်ရုံထားရှိရာ အဆောက်အဦများ၊ ဝါးထရံ၊ ဝါးနှီး သက်ကယ်မိုး၊ ဝါးကုတင်၊ ဖျာကြမ်း၊ သင်ဖျူးချောဖျာ၊ စားပွဲထိုင်ခုံ၊ တန်လျား၊ ပက်လက်ကုလားထိုင်၊ လက်ဆွဲခြင်း၊ ကြက်အုပ်ဆောင်း၊ ထမင်းစားပွဲအုပ်ဆောင်း၊ ကြက်မဝပ်ခြင်း၊ တောင်သူသုံး ပစ္စည်း များ၊ စကော၊ စကာ၊ ပုတ် အရွယ်အစားအမျိုးမျိုး ဝါးတံပျက်စည်း၊ ဝန်းထရံကပ်၊ အသားကင်/ရေခဲချောင်း တုတ်ချောင်းနှင့်နှီးဖိနပ်များဖြစ်ကြသည်။ ထန်းပင်ထန်းလက်ဖြင့် ပြုလုပ်သောပစ္စည်းများမှာ ထန်းလက်အမိုးအကာ၊ ထန်းရွက်ပုတီး၊ ထန်းခေါက်ဖာ၊ ထန်းခေါက်ခြင်း အရွယ်အစားမျိုးစုံ၊ ထန်းလက်ကုလားထိုင်၊ နေအိမ်အဆောက်အဦအတွက် အလှဆင်ပစ္စည်းများ၊ ထန်းလျှော်ကြိုး၊ ထန်းရွက်ယပ်တောင်၊ ထန်းကြောဖျာ အရွယ်အစား အမျိုးမျိုးစသည်တို့ဖြစ်သည်။ ပြည်တွင်းဒေသ ထွက်ကုန် မြန်မာ့လက်မှုနည်းပညာပစ္စည်းများမှာ လှပခန့်ညား၍ ကြာရှည်အသုံးခံပြီး အမှတ်တရ လက်ဆောင်ပေးခြင်း၊ အိမ်အတွင်း ရုံးခန်းအတွင်း အလှဆင်ခြင်း၊ နေ့စဉ်အသုံးပြုသော အသုံး အဆောင်များအဖြစ် သုံးစွဲကြခြင်း၊ ပြည်တွင်းသာမက ပြည်ပနိုင်ငံများကပါ စိတ်ဝင်စားခံရခြင်းစသည့် ဂုဏ်ဒြပ်များနှင့် ပြည့်စုံလှပေသည်။

              စက်မှုလုပ်ငန်းများအနေဖြင့် မိမိတို့ဒေသမှထွက်ရှိသော ကုန်ကြမ်းများမှ ကုန်ချောထုတ် လုပ်ခြင်း၊ ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်၊ ဆီးခွဲစက်၊ ဆန်မှုန့်ကြိတ် စသည့်စက်ရုံများမှသည် စားသောက် ကုန်များ ထုတ်လုပ်ကြသည်။ စက်ယက္ကန်း၊ လက်ယက္ကန်း စက်မှုလက်မှုလုပ်ငန်းများမှလည်း မြန်မာ့ ရိုးရာချည်ထည်အမျိုးမျိုး၊ အသုံးအဆာင်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ကြသည်။ ရိုးရာချည်ထည်များ သည် ကျန်းမာရေးနှင့်ညီညွှတ်ပြီး ရာသီအလိုက် သုံးစွဲနိုင်သည်။ နွေအခါအေးမြပြီး ဆောင်းအခါ နွေးထွေးသည့် ခံစားမှုမျိုးကို ပေးနိုင်သည်။ သဘာဝချည်ဆိုးဆေးများ အသုံးပြုပြီး ခိုင်ခန့်မှုရှိသဖြင့် ကာလ အတန်ကြာ သုံးစွဲနိုင်သည်။ ထို့ကြောင့် ပြည်တွင်းသွင်းကုန်အစားထိုး ကောင်းမွန်သည့် ပြည်တွင်း ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်အတွက် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်း များလည်း ပေါများလှခြင်းဖြစ်သည်။

              တစ်ခြားတစ်ဘက်တွင်လည်း ရာသီအလိုက်ထွက်ရှိသည့် နာမည်ကြီး ဒေသထွက်ကုန် များစွာရှိသည်။ ပခုက္ကူ၊ ဆိပ်ဖြူ၊ ယောနယ်ဒေသထွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မကွေးနှင့် ပခုက္ကူနယ်အတွင်းမှ ထွက်ရှိသည့် ဆန်စပါး၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ဆေးရွက်ကြီး၊ ပဲမျိုးစုံနှင့် မြေပဲဆီသန့်၊ မြိုင်၊ ရေစကြိုမှထွက်သည့် ရှင်မတောင်သနပ်ခါး၊ အောင်သိဒ္ဓိ၊ ကံပွင့် အမွှေးတိုင် စသည်တို့သည် မိမိတို့တိုင်းဒေသကြီးအတွင်းတွင်သာမက အခြားပြည်နယ်များသို့ တင်ပို့ လျက်ရှိပြီး ဒေသထွက်ကုန်များကို ဈေးရောင်းပွဲတော်များတွင် လာရောက်လေ့လာနိုင်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(မကွေး)