နာနတ်သီးဈေးကွက်အခြေအနေ

Powered by Drupal

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသထွက် နာနတ်သီးများကို တောင်ကုန်းတောင်စောင်းနေရာများဖြစ်သော မြေလွတ်မြေရိုင်း၊ တောင်စောင်းမြေဥယျာဉ်များပေါ်တွင် နှစ်ရှည်သီးနှံအဖြစ် စိုက်ပျိုးကြပြီး မိုင်းလပ်၊ မိုင်းလန်း၊ မိုင်းဇင်းကျေးရွာအုပ်စုများတွင် အများဆုံး တစ်ပိုင်တစ်နိုင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ ယင်းသို့စိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေများကို နာနတ်စိုက်ပျိုးသည့် တောင်သူကြီးထံ မေးမြန်းခဲ့ရာ ဒေသခံတောင်သူကြီးများအနေဖြင့် နှစ်ရှည်သီးနှံဖြစ်သော နာနတ်သီးပင်များကို တစ်ကြိမ်စိုက်ပျိုးထားလျှင် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးပါက (၆) နှစ်ခန့် နှစ်စဉ်အကျိုးအမြတ် ခံစားရမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

    ယခုနှစ်တွင် နာနတ်သီးစိုက်ပျိုးမှုလျော့နည်းလာခြင်း၊ နာနတ်သီးဖူးပွင့်ရာသီချိန်တွင် မိုးခေါင်သောကြောင့် အဖူးပွင့်နည်းပြီး အထွက်နှုန်းလျော့နည်းလာခြင်း၊ ယင်းအတွက်ကြောင့် နာနတ်သီးပေါ်ချိန်ဖြစ်သော ဧပြီလနောက်ဆုံးပတ်တွင် ဈေးကွက်အတွင်း ဈေးကောင်းရရှိနေပြီး အသီးအရွယ်အစားပေါ်မူတည်၍ နာနတ်သီးတစ်လုံးလျှင် အနည်းဆုံး (၂၅၀၀) ကျပ် မှ အများဆုံး (၆၀၀၀) ကျပ်အထိ ဈေးကောင်းရရှိကြောင်း၊ နယ်စပ်ဒေသဖြစ်သော အထူးဒေသ(၄) မိုင်းလားသို့ တင်ပို့ရောင်းချနိုင်မည်ဆိုပါက အသီးအရွယ်အစားပေါ်မူတည်ပြီး တစ်လုံးလျှင် အနည်းဆုံး (၆) ယွမ်(ကျပ် ၃၆၀၀/-) မှ အများဆုံး (၁၄) ယွမ်(ကျပ် ၈၄၀၀/-) အထိ ဈေးကောင်းပိုမိုရရှိနေကြောင်း နာနတ်သီးစိုက်ပျိုးရောင်းချသော တောင်သူဦးကြီးများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)