ကလေးမြို့နယ်၏ ဆန်/စပါးဈေးကွက်အခြေအနေ

Powered by Drupal

          ကလေးမြို့နယ်တွင် စပါးဝယ်ယူသယ်ဆောင်မှုများနှင့်ပတ်သက်၍ စပါးများကြိတ်ခွဲရောင်းချ မှုပြုလုပ်သည့် ဆန်စက်များသို့သွားရောက်၍ ဆန်စပါးဝယ်ယူရောင်းချမှုအခြေအနေများ မြေပြင် ကွင်းဆင်းလေ့လာရာတွင် လက်ရှိစပါးပေါက်ဈေး ဧရာမင်းစပါး(သစ်)(၁၆)ပြည်တစ်တင်း ၂၁၀၀၀ ကျပ်၊ ဆင်းသုခစပါး(သစ်)(၁၆)ပြည်တစ်တင်း ၁၇၀၀၀ကျပ်၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ၈၀၀၀၀ကျပ်၊ ဆင်းသုခ(၂၄)ပြည်တစ်အိတ်လျှင် ၆၀၀၀၀ကျပ် ဈေးနှုန်းဖြင့်သာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိပြီး တောင်သူများစပါးစိုက်ပျိုးရာတွင် ပျိုးပင်မှစ၍ စပါးထွက်သည်အထိ စပါးတစ်တင်း၏ ကုန်ကျစရိတ်များတွက်ချက်ရာတွင် ယခုစပါးပေါက်ဈေးထက် စရိတ်စကများ ကြီးမြင့်သည့်အတွက် လယ်ယာလုပ်ကိုင်ဆောင်ရွက်ရာတွင် အရှုံးပေါ်နေကြောင်း၊ နောင်နှစ်များတွင် စပါးများယခုပေါက်ဈေးနှင့်သာ ရောင်းချရမည်ဆိုပါက လယ်ယာလုပ်ငန်းများ ဆက်လက်လုပ်ကိုင် ဆောင်ရွက်ရန် အခက်အခဲများစွာ ရှိလာနိုင်ပါကြောင်း တောင်သူများထံမှလေ့လာသိရှိရပါသည်။

စပါးများဝယ်ယူခြင်းနှင့်ပတ်သက်၍ ကလေးမြို့နယ်၏မြောက်ပိုင်းဒေသများ ရာဇဂြိုလ်၊ ခုံသာအစရှိသည့်ကျေးရွာများရှိ တောင်သူများထံသို့ ပွဲစားများမှ သွားရောက်ဝယ်ယူ၍ ဆန်စက်ရုံသို့ ပို့ဆောင်ကြိတ်ခွဲကာဆန်၊ စပါးများကို မြို့နယ်တွင်းသာ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး စပါးများ သွားရောက်ဝယ်ယူရာတွင်လည်း လမ်းခရီးကုန်ကျစရိတ်များကြီးမြင့်နေပါကြောင်း၊ စပါးများ ဝယ်ယူရာတွင်လည်း ပွဲစားများအနေဖြင့် တောင်ပိုင်းလမ်းများဖြစ်သည့် နတ်ချေင်း၊ နတ်မြောင်း စသည့်ကျေးရွာများ လမ်းမဖွင့်သည့်အတွက် စပါးများဝယ်ယူ၍မရပါ ယခုလတွင် မြောက်ပိုင်းလမ်း များလည်းမဖွင့်၍ စပါးများဝယ်ယူ၍မရပါကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဆန်များစပါးများကို တိုင်းဒေသကြီး/ ပြည်နယ်ကျော်၍ ပြင်ပသို့ သယ်ယူဖြန့်ဖြူးရောင်းချခွင့်များ မရရှိသည့်အတွက် ဆန်စပါးဈေးကွက် အခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး ဈေးကွက်တွင်ဝယ်/သယ်/သို/ကြိတ်/ဖြန့် ဟန်ချက်ညီစွာလုပ်ဆောင်နိုင်မှသာ အလုပ်သမား၊ တောင်သူ၊ ကုန်သည်၊ စက်ပိုင်များ တွက်ချေ ကိုက်နိုင်မည်ဖြစ်ပါကြောင်း ဆန်စက်ပိုင်များထံမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)