ပြည်ခရိုင်အတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသထွက်ကုန်များအဆင့်မြှင့်တင်ထုတ်လုပ်ရန်စီစဉ်ဆောင်ရွက်လျက်ရှိ

Powered by Drupal

          မြန်မာနိုင်ငံသည် ယခုအခါတွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရမှ အလေးထားဆောင်ရွက်လျက်ရှိပါသည်။ မြို့ရွာများတွင်တစ်နိုင်၊ တစ်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အပြင် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့လုပ်ငန်းများအား ဖွံ့ဖြိုး တိုးတက်စေရန် ပြုလုပ်ခြင်းဖြင့် မိမိတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်သလို ပြည်ပ ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်လာပြီး နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဝင်ငွေလည်း ရရှိနိုင်မည်ဖြစ်ပါသည်။

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို တန်ဖိုးမြှင့် တိုးတက် ထုတ်လုပ် နိုင်စေရေးအတွက် နိုင်ငံတော်အစိုးရမှလည်း ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ပြည်ခရိုင်အနေဖြင့် MSME လုပ်ငန်းရှင်ပေါင်း ၅၀ဦးကျော်ရှိပြီး ပြည်မြို့နယ်တွင် ၃၀ဦးကျော်၊ ရွှေတောင်မြို့နယ်တွင် ၁၀ဦးကျော်၊ ပန်းတောင်းမြို့နယ်တွင် ၂ဦး၊ ပေါက်ခေါင်းမြို့နယ်တွင် ၁၀ဦးကျော်ရှိပါသည်။ ပြည်မြို့နယ်အနေဖြင့် စားသောက်ကုန်လုပ်ငန်းများဖြစ်သော နွားနို့မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန် နို့ဆီ၊ မလိုင်လုံး၊ မလိုင်ခဲ၊ ဒိန်ချဉ်လုပ်ငန်းများရှိသလို၊ သဘာဝသစ်သီးများဖြစ်သော ကတွက်သီး၊ သရက်သီး၊ မရန်းသီး၊ ဇီးသီး၊ ချဉ်ပေါင်ဖူး စသည့် အသီးများအားယိုများပြုလုပ်၍ ရောင်းချခြင်း အပြင် ချဉ်ပေါင်ဖူးကို ဂျယ်လီ၊ ချဉ်ပေါင်ဖူးဖျော်ရည်များကိုလည်း ထုတ်လုပ် ရောင်းချရန် တီထွင် စမ်းသပ်နေပါသည်။ ထို့အပြင် ထမင်းသုတ်လုပ်ငန်းများကို တစ်ဆင့်မြှင့်တင်ပြီး တစ်ခါစား အထုတ်များထုတ်လုပ်၍ရောင်းချခြင်း၊ ရှားစောင်လက်ပတ်ကိုယိုပြုလုပ်ခြင်း၊ မြေပဲယို၊ နှမ်းယိုများ ပြုလုပ်ခြင်း၊ ငရုတ်သီးအား အလှော်မှုန့်၊ အကြမ်းမှုန့်၊ အရောင်တင်မှုန့်များအပြင် ကုလားပဲကို ခွဲကြမ်းပြုလုပ်ပြီး ထိုမှတစ်ဆင့် ပဲမှုန့်၊ အကြော်မှုန့်များပြုလုပ်၍ရောင်းချခြင်း စသည့်လုပ်ငန်း များလုပ်ကိုင်ကြပါသည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အချိန်ကုန်လူပင်ပန်း သက်သာ စေရန်အတွက် လယ်ယာများတွင် အသုံးပြုရန်  ကောက်စိုက်စက်၊ မြေဩဇာချစက်၊ ကြံစိုက်စက်များ ထုတ်လုပ်နိုင်သည့်အပြင် ပဲမျိုးစေ့ချ စက်နှင့် မတ်ပဲရိတ် စက်များကို ထပ်မံထုတ်လုပ်ရန် စီစဉ် ဆောင်ရွက်နေကြပါသည်။ ထိုအပြင် လယ်ယာများတွင် စပါးနှင့်ပဲအထွက်နှုန်း ကောင်းမွန်ရန် အတွက် အသုံးပြုရန် သဘာဝ မြေဩဇာများ ထုတ်လုပ်သည့် လုပ်ငန်းများလည်းရှိပါသည်။ လူအသုံး အဆောင်ပစ္စည်းများဖြစ်သော ဆပ်ပြာဆီ ကုန်ကြမ်းများထုတ်လုပ်ခြင်း၊ ထိုမှတစ်ဆင့် အသင့်သုံး ဆပ်ပြာဆီများ၊ ကိုယ်တိုက်ဆပ်ပြာများ၊ မျက်နှာသစ်ဆပ်ပြာများထုတ်လုပ်သော လုပ်ငန်းရှင်ပေါင်း များစွာရှိပါသည်။

          ရွှေတောင်မြို့နယ်အနေဖြင့် လူအသုံးအဆောင်ဖြစ်သော ဝတ်စားဆင်ယင်မှုအနေဖြင့် မြန်မာ့ ရိုးရာချည်ထည်လုပ်ငန်းပေါင်းမြောက်မြားစွာရှိပြီး စည်းလုပ်ငန်းလုပ်ကိုင်သူ (၆၆)ဦးခန့် ရှိကြောင်း သိရပါသည်။ စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ဝါမှတစ်ဆင့် ဝါဂွမ်း၊ ဝါဂွမ်းမှတစ်ဆင့် ချည်ငင်ပြီး ချည်ထည်များကို ယက်လုပ်ရောင်းချသည့် စက်ရက်ကန်းများ၊ လက်ရက်ကန်းများမှ အဆင့်မြှင့် ထုတ်ကုန် ၂/၁၀၀ချည်၊ ၂/၈၀ချည်များ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများရှိသလို စားသောက်ကုန် လုပ်ငန်းများအနေဖြင့် ရွှေတောင်ခေါက်ဆွဲ၊ ရွှေတောင်ထမင်းသုတ် များကို အသင့်စားသုံး၍ရသလို တစ်ခါစားထမင်းသုတ်အထုတ်များအား အဆင့်မှီပါကင်အထုတ်များထုတ်၍ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချသောလုပ်ငန်းများလည်းရှိပါသည်။ ထိုအပြင် အစာကြေဆေး များအဖြစ် ဆင်တုံးမနွယ် ရှောက်ပေါင်း၊ ရှောက်တောင့်များပြုလုပ်၍ရောင်းချသလို လူ့အသုံး အဆောင် ပစ္စည်းများဖြစ်သော ဝါးမှတစ်ဆင့် ဝါးကုလားထိုင်၊ ထန်းကုလားထိုင်များအပြင် တစ်နိုင်တစ်ပိုင် ခမောက်လုပ်ငန်းများလည်း လုပ်ကိုင်သည့် လုပ်ငန်းများရှိပါသည်။

          ပေါက်ခေါင်းမြို့နယ်အနေဖြင့် ကြံအများဆုံး စိုက်ပျိုးသောမြို့နယ်ဖြစ်သလို ဝါသီးနှံလည်း စိုက်ပျိုးခြင်း၊ နှမ်းနှင့်မြေပဲများကိုလည်း စိုက်ပျိုးသည့် မြို့နယ်ဖြစ်သည့်အတွက် ထိုသီးနှံများမှတစ် ဆင့် စားသောက်ကုန်များ ထုတ်လုပ်ရောင်းချသောလုပ်ငန်းရှင်များရှိသလို အဝတ်အထည် လုပ်ငန်း များဖြစ်သော ရိုးရာချည်ထည်များကိုလည်းထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များရှိပါသည်။ ကြံသီးနှံကိုအခြေခံ၍ ကြံမှတစ်ဆင့်မြှင့်ထုတ်ကုန်ဖြစ်သော သကြားအပြင်၊ ကြံမွ၊ မြေပဲကြံသကာ၊ မြေပဲယို၊ နှမ်းယို၊ မြေပဲဆားလှော်လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ကြပါသည်။

          ထိုသို့အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသော ပြည်ခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို အဆင့်မြှင့်တင် ပြီး ထုတ်လုပ်၍ ဈေးကွက်များ၊ ဈေးရောင်းပွဲတော်များတွင် ရောင်းချမည်ဆိုပါက လူအများ ပိုမိုသိရှိပြီး ရောင်းအားမြင့်တက်၍ ပြည်တွင်းဈေးကွက်သာမကဘဲ၊ ပြည်ပဈေးကွက်သို့ပါ ထိုးဖောက် ဝင်ရောက် နိုင်၍ လူမှုစီးပွားရေးဘဝ တိုးတက်ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါသည်။ ထိုအပြင် စွန့်ပစ်ပစ္စည်း များမှ တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်လာနိုင်မည်ဆိုပါက ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းလာနိုင်ပြီး အမှိုက်ထဲမှ ရွှေဖြစ်မည်ဖြစ်ပါသည်။ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပါက ရရှိနိုင်သော ကောင်းကျိုးများမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြင့်မားခြင်း၊ လူနေမှုအဆင့်အတန်းများ တိုးတက် ကောင်းမွန်လာခြင်းနှင့် နိုင်ငံခြားရင်းနှီမြုပ်နှံမှုများကြောင့် နိုင်ငံခြားဝင်ငွေရရှိလာနိုင်ခြင်း စသည့် ကောင်းကျိုးများ ရရှိလာနိုင် မည် ဖြစ်ပါသည်။

          ယခင်က ကျေးလက်ဒေသများတွင် ဖွံ့ဖြိုးမှုနိမ့်ကျခဲ့ရခြင်းမှာ တစ်ဦးခြင်းဝင်ငွေ ရရှိမှုနည်းပါး ခြင်းလည်း ပါဝင်ပါသည်။ ယခုအခါတွင် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများပါဝင်မှုကြောင့် လုပ်ငန်းစီမံကိန်း အသစ်များ တိုးချဲ့ပြုလုပ်လာနိုင်ကြသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ဖွံ့ဖြိုးတိုးတက် များပြားလာကြမည်ဖြစ်ပါသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူလာကြရာမှ စီးပွားဖြစ်စိုက်ပျိုးမွေးမြူလာကြသဖြင့် ဝင်ငွေများများပြား လာကြပါ သည်။ ထို့အတူ စက်မှုလက်မှုလုပ်ငန်းများလည်း ပိုမိုထုတ်လုပ်လာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုကြောင့် ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ ရောင်းချနိုင်ခြင်းဖြင့်လည်း ဝင်ငွေများစွာ ရရှိလာကြပါသည်။ ထိုကဲ့သို့တစ်ဦးခြင်းဝင်ငွေများ များပြားလာသည့်အတွက် ပညာရေး၊ ကျန်းမာရေး နှင့် နေထိုင်မှုအဆင့်အတန်းများမှ အစမြင့်မားလာနိုင်မည်ဖြစ်ပါသည်။

          ထို့ကြောင့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန် များကို အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း၊ စနစ်တကျထုတ်ပိုးနိုင်ပါက နိုင်ငံခြားအထိ ကုန်ပစ္စည်းများ ထိုးဖောက်ဝင်ရောက်လာနိုင်မည်ဖြစ်၍ မိမိတို့အနေဖြင့်လည်း ဝင်ငွေများတိုးတက်လာနိုင်သလို နိုင်ငံ အတွက်လည်း ပြည်ပဝင်ငွေများရရှိလာနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)