တောင်ငူမြို့နယ်တွင် ဆိုလာရေတင်စနစ်ဖြင့် စိုက်ထားသည့် စပါးခင်းများ ဖြစ်ထွန်း

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး ၂၀၀၃၀ ဧက စိုက်ပျိုးမည် ဖြစ်သည်။ နွေစပါးများ စိုက်ပျိုးရေမှစ၍ အောင်ရေအထိ ရေရရှိအောင် ဆည်ရေ၊ ကန်ရေ၊ မြစ်ရေတင် (လျှပ်စစ်/ ဆိုလာ)၊ ချောင်းပိတ်၊တာတမံပိတ်၊အင်းအိုင်၊စက်ရေတွင်း ရေများဖြင့် စိုက်ပျိုးရေး အောင်မြင် ဖြစ်ထွန်း‌‌အောင် ရေပေးလျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေစပါး ၁၉၂၇၁ ဧကသာ စိုက်ပျိုးနိုင်ခဲ့သည်။ ဆိုလာရေတင်စနစ်ဖြင့် နွေစပါး စိုက်ပျိုးနိုင်အောင် နိုင်ငံတော်မှ ဆောင်ရွက်ပေးမှု့ကြောင့် ယခုနှစ်တွင် နွေစပါး ဧက တိုးတက်လာသည်။

          နွေစပါး စိုက်ပျိုးရန် ဆိုလာစနစ် ရေတင်လုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ ပဲခူးရိုးမ ခပေါင်းရေလွှဲဆည် မှ စိုက်ပျိုးရေများကို ပဲချက်ကုန်းရွာတွင် ဆိုလာ (450 W) အချပ်ရေ ၁၅၀ ချပ်၊ 22 KW မော်တာ (၂) လုံးဖြင့် စိုက်ပျိုးရေတင်ပေးလျက်ရှိသည်။ စစ်တောင်းမြစ်ဘေးရှိ သဖန်းပင်ရွာတွင် ဆိုလာ (450 W) ၂၂၅ ချပ်၊  22 KW မော်တာ (၃)လုံးဖြင့် မြစ်‌ရေတင် နွေစပါး စိုက်ဧက ၂၀၀ စိုက်ပျိုးထားသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ မြင်းစုကျေးရွာတွင် ခပေါင်းဆည်မှ လွှတ်ပေးသော စိုက်ပျိုး‌‌ရေကို အမြင့်ပိုင်းရှိ စပါးစိုက်ပျိုးနိုင်သည့် လယ်မြေများ စိုက်ပျိုးနိုင်အောင် ဆိုလာ (550 W) (၁၂)ချပ်  4 KW မော်တာ ဖြင့် ဆိုလာရေတင်လုပ်ငန်း (၂)ခုခွဲ ဆောင်ရွက်ပေးထားရာ စပါးခင်း စိုက်ဧက ၅၀ အထူးကောင်းမွန် လျက်ရှိသည်။

DOCA(ပဲခူး)