
ရာသီအလိုက် သီးနှံစိုက်ပျိုးမှုအတွက် အရေးကြီးသည့်ကာလတစ်ခုဖြစ်သည့် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဆီထွက်သီးနှံစုံ စိုက်ပျိုးမှု လုပ်ငန်းစဉ်ကို အောင်မြင်စွာ ပြီးစီးနိုင်ခဲ့ကြောင်း သိရသည်။ မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ စုံစမ်းသိရှိရသော သတင်းအချက်အလက်များအရ ယခုဆောင်းရာသီအတွင်း၌ ဆီထွက်သီးနှံစုံ စိုက်ပျိုး ရန် လျာထားခဲ့သည့် ဧကပမာဏမှာ ၁၃၅၇၁ ဧက ဖြစ်သော်လည်း လျာထားပမာဏထက် ကျော်လွန်၍ စုစုပေါင်း ၁၃၅၈၈ ဧကအား စိုက်ပျိုးပြီးစီးသွားပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ဆီထွက်သီးနှံစုံ အား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ပထမပတ်မှ စတင် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ထိုသို့ စိုက်ပျိုးမှုလုပ်ငန်းစဉ် အတွင်း၌ လျာထားမှုထက်ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးထားသော ဆီထွက်သီးနှံများကတော့ နှမ်း ၂၄ ဧက၊ နေကြာ ၁၁၅၅၂ ဧက ၊ မြေပဲ ၂၀၁၂ ဧက ဖြစ်ကြောင်း သိရှိရပါတယ်။
ဆောင်းရာသီ ဆီထွက်သီးနှံများကို စီမံချက်ချမှတ်ထားသောလျာထားချက်များအတိုင်း ပြည့်မီ အောင် စိုက်ပျိုးနိုင်ဖို့အတွက် မျိုးစေ့ဝယ်ယူသောလုပ်ငန်းမှစ၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် သည့်အထိ စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဒေသခံတောင်သူများ နှင့်ပူးပေါင်းပြီး စိုက်ပျိုးဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ထို့အပြင် ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် နည်းစနစ်မှန်ကန်မှုရှိရေးအတွက် သင်ကြား ပို့ချပေးခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါသီးနှံများအား စနစ်တကျစိုက်ပျိုး၍ ထွက်လာ သောသီးနှံများ အောင်မြင်စွာ ဖြစ်ထွန်းနိုင်ရေးနှင့် ပိုးမွှားရောဂါအန္တရာယ်မှ ကင်းရှင်းရေးအတွက်လည်း ဌာနဆိုင်ရာများ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းစဉ်များသည် တောင်သူများ ၏ စိုက်ပျိုးနည်းစနစ်တိုးတက်မှုကိုမြှင့်တင်သလို၊ တောင်သူဦးရေတိုးလာစေနိုင်သည့် အလားအလာ ကိုလည်း ဖော်ထုတ်ပေးနိုင်သည့်အပြင် နိုင်ငံတော်၏ ပြည်တွင်းစားသုံး ဆီလိုအပ်ချက်များကို ဖြည့် ဆည်းရာတွင် အရေးပါသည့်အခန်းကဏ္ဍမှ ရပ်တည်လာနိုင်ပါတယ်။
နှစ်စဉ် ပြည်ပမှစားအုန်းဆီများ ဝယ်ယူတင်သွင်း နေရခြင်းကြောင့် နိုင်ငံ့စီးပွားရေးအပေါ် သက်ရောက်မှုများရှိနေသည့် အပေါ် ဤဆီထွက်သီးနှံစိုက်ပျိုးမှုသည် တစ်ဖက်တစ်လမ်းမှ အထောက် အကူ ပြုနိုင်မည် ဖြစ်ပါတယ်။ ထို့ကြောင့် မိမိနိုင်ငံအတွင်း တစ်နိုင်ငံလုံးမှ ဆီထွက်သီးနှံများ စိုက်ပျိုး ထုတ်လုပ်မှုကို တိုးမြှင့်စေရန်နှင့် ပြည်တွင်းအတွက် စားသုံးဆီလုံလောက်ရေးအတွက်လည်း လုပ် ဆောင်ရမည်ဖြစ်သည်။ ထို့အပြင် ထုတ်လုပ်မှုအောင်မြင်လာပါက နိုင်ငံခြားသို့ ဆီထွက်ပစ္စည်းများ တင်ပို့ရောင်းချနိုင်ပြီး နိုင်ငံ့ငွေလဲနှုန်း တိုးတက်လာစေနိုင်သည့်အပြင် တောင်သူများ၏ဝင်ငွေတိုးလာ စေနိုင်မည်ဖြစ်ပါတယ်။
DOCA(ဧရာဝတီ)