
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အုတ်ဖိုစုရပ်ကွက်ရှိ အ.ထ.က (၁)ရတနာရှင်းသန့်အခန်းမသို့ မတ်လ(၂၇)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့်အဖွဲ့ဝင်များ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ကြီး (ရန်ကုန်မြို့တော်ဝန်) ဦးဗိုလ်ဌေးတို့ ပါဝင်သောအဖွဲ့သည် မိုးစပါးရေကြီးနစ်မြုပ် ပြန်လည်စိုက်ပျိုးခဲ့မှုအား သဘာဝဘေးအစီအမံဖြင့် ထောက်ပံ့ငွေပေးအပ် ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် တောင်သူလယ်သမားများအား ဓာတ်မြေဩဇာနှင့် ထောက်ပံ့ငွေများပေးအပ်၍ မိုးစပါး ပျက်စီးဆုံးရှုံးမှု ဧက(၈၀၀) အတွက် (၁)ဧကလျှင် တန်းဖိုး ငွေကျပ် (၅၀၀၀၀/-)ကျပ်နှုန်းနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးတင့်နှင့် ဝန်ထမ်းများ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများစသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တောင်သူလယ်သမားများနှင့် ရပ်မိရပ်ဖပြည်သူများ စုစုပေါင်း အင်အား (၂၀၀)ခန့်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)