
ဗီယက်နမ်လုပ်ငန်းများက အိန္ဒိယဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်နှင့် ၎င်းတို့၏ တည်ရှိမှုကိုတိုးချဲ့ရန် နယူးဒေလီမြို့တွင် ဗီယက်နမ်-အိန္ဒိယ စီးပွားရေးအစည်းအဝေးကို မတ်လ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် PHD ကုန်သည်များနှင့်စက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးချုပ် Ranjeet Mehta က ဗီယက်နမ်နှင့် အိန္ဒိယလုပ်ငန်း များအကြားကုန်သွယ်ရေးအလားအလာ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေး၊ သတင်းအချက်အလက် နည်းပညာ၊ AI နှင့် စက်ရုပ်နည်းပညာတို့နှင့် ပတ်သတ်၍ အသားပေးပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစင်တာ၏ ညွှန်ကြားရေးမှူး Le Hong Minh က ဗီယက်နမ်-အိန္ဒိယစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များနှင့် အာဆီယံ-အိန္ဒိယဝန်ဆောင်မှုတွင်ကုန်သွယ်ရေးသဘောတူညီချက်အစရှိသည့် တည်ရှိပြီးသဘော တူညီချက်များအောက်ရှိ ကုန်သွယ်ရေးအခွင့်အလမ်းများတိုးချဲ့ခြင်း၏ အရေးပါမှုနှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းမှတစ်ဆင့် ကုန်သွယ်မှုမြှင့်တင်ရေးကြိုးပမ်းမှုများကို အသားပေးပြောကြား ခဲ့ပါသည်။ Minh က ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ အမှတ်တံဆိပ် တည်ဆောက်ခြင်းနှင့် ပို့ကုန်ဈေးကွက်တိုးချဲ့ခြင်း အစရှိသည့် များစွာသောကဏ္ဍတစ်လျှောက် ကုန်သွယ်မှုမြှင့်တင်ရန်လိုအပ်ကြောင်းနှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများသည်လည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် အခွင့်အလမ်းသစ်များရှာဖွေခြင်းနှင့် ၎င်းတို့၏အားသာချက်များ ကို ခြေကုပ်ယူခြင်းတို့ဆက်လက်ပြုလုပ်မည်ဟု ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ လတ်တလောနှစ်များတွင်နှစ်နိုင်ငံကုန်သွယ်ရေးသည် တည်ငြိမ်စွာကြီးထွားနေပြီး ၂၀၂၄ ခုနှစ် တွင် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၄.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်က အိန္ဒိယသို့တင်ပို့မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉.၀၆ ဘီလီယံတန်ဖိုးရှိပြီး တင်သွင်းမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅.၈၃ ဘီလီယံရှိကြောင်း သိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)