
ဗီယက်နမ်နိုင်ငံ Binh Dinh ပြည်နယ်သည် စုစုပေါင်းမတည်ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၉ ဘီလီယံတန်ဖိုးရှိသော စီမံကိန်း ၆၂ ခုအတွက် ခွင့်ပြုလက်မှတ်များနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို မတ်လ ၂၈ ရက်နေ့ကကျင်းပခဲ့သော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကွန်းဖရန့်တွင် ပေးအပ်ခဲ့ကြောင်း သိရပါသည်။ ထိုစီမံကိန်းများတွင် နည်းပညာမြင့်လုပ်ငန်းများ၊ စီးပွားရေး ဝန်ဆောင်မှုများ၊ ခရီးသွားကဏ္ဍ၊ မြို့ပြစီးပွားရေး၊ ဆိပ်ကမ်းဝန်ဆောင်မှုများနှင့် ထောက်ပံ့ ပို့ဆောင်ရေးတို့ပါဝင်သည့် အရေးပါသောကဏ္ဍများပါဝင်ကြောင်း သိရပါသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ် Nguyen Chi Dung က ပြည်နယ်၏ဗျူဟာ ကျသော တည်နေရာနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအရှိန်မြှင့်တင်ရေးအတွက် ၎င်းတို့၏ယှဉ်ပြိုင်နိုင်စွမ်းရှိသော အခွင့်အရေးနှင့်ပတ်သတ်၍ အသားပေးပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်နှင့် ပတ်သတ်၍ Dung က Binh Dinh ပြည်နယ်သည် ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှု ရှိသောနေရာဖြစ်လာပြီးနိုင်ငံ အတွင်းစီးပွားရေးတိုးတက်မှုအား အကောင်းဆုံးပြည်နယ်ထဲမှ တစ်ခုဖြစ်လာကြောင်း ပြောကြားခဲ့ပါသည်။ Dung က ပြည်နယ်အား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း၊ ပို့ကုန်တိုးမြှင့်ခြင်းနှင့် စားသုံးသူ သုံးစွဲမှုလှုံ့ဆော်ခြင်းတို့ကို အဓိကထားရန်အကြံပြုခဲ့ပြီး ပိုမိုပွင့်လင်းမြင်သာပြီး ဆွဲဆောင်မှုရှိကာ ယှဉ်ပြိုင်နိုင်စွမ်းရှိသောရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို တည်ထောင်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ပြည်နယ်သည် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထဝီမြေနေရာအားသာချက်ရှိနေကြောင်း သိရပါသည်။ ဒုတိယဝန်ကြီးချုပ်က Phu My ဆိပ်ကမ်းတွင် လွတ်လပ်သော ကုန်သွယ်ရေးဇုန်တည်ထောင်ရန် လေ့လာမှုပြုလုပ်ရန်အတွက် ပြည်နယ်ကိုကမ်းလှမ်းခဲ့ကြောင်း သိရပါသည်။၂၀၂၁ ခုနှစ်မှစ၍ Binh Dinh ပြည်နယ်သည် ဗီယက်နမ်ဒေါင် ၆.၄ ထရီလီယံတန်ဖိုး ရှိသော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၉ ခုပါဝင်သော ဗီယက်နမ်ဒေါင် ၂၀၀ ထရီလီယံ ကျော် တန်ဖိုးရှိသော စီမံကိန်းသစ် ၃၇၀ ခုကိုရရှိခဲ့ကြောင်း သိရပါသည်။ ပြည်နယ်ပြည်သူ့ ကော်မတီဥက္ကဌ Pham Anh Tuan က software ထုတ်လုပ်မှု၊ ဒေတာစင်တာကြီးများ၊ ဆီမီးကွန်ဒတ်တာအစိတ်အပိုင်းများ၊ AI ၊ ဆိုက်ဘာလုံခြုံရေးနှင့် အဆင့်မြင့်ခရီးသွားကဏ္ဍ အခြေခံအဆောက်အအုံတို့တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် လုပ်ငန်းများအား တောင်းဆိုခဲ့ကြောင်း သိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)