စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးသည် စားသုံးသူ ပြည်သူများမှ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူ သုံးစွဲနိုင်ရေး၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေရေး တို့အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ဇွန်လ (၁၇)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပပြုလုပ်သော Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း၌ စီးပွားရေးလုပ်ငန်းရှင်များ သိကောင်းစရာတာဝန်များနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ ဥပဒေ မူဘောင်အားကောင်းစေရေးအတွက် ကော်မရှင်ဖွဲ့စည်းထားရှိမှု အခြေအနေနှင့် ကော်မတီဖွဲ့စည်း ထားရှိမှုအခြေအနေများ ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အပိုင်းကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ၊ ထုတ်ကုန်လုံခြုံစိတ်ရမှုဌာနခွဲတာဝန်ခံမှ ကုန်စည် ထုတ်လုပ်ရာတွင် သိသာထင်ရှားစွာဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြခြင်းဆိုင်ရာ အသေးစိတ် ညွှန်ကြားချက်များ ၊ ကုန်ညွှန်းအမှတ်အသားများကို စိစစ်ပြန်ကြားပေးနေမှု အခြေ အနေများ ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များ၊ နည်းလမ်းများ၊ ဖုန်းနံပါတ်နှင့် လိပ်စာ၊ ကုန်ညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဥပဒေအရချမှတ်နိုင်သည့် ပြစ်မှု ပြစ်ဒဏ်များ စသည့်အကြောင်းအရာတို့အား အသိပညာပေး ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးရေးရာဦးစီးဌာန
ပဲခူးတိုင်းဒေသကြီး